အင်းတော် မော်လူးမြို့အနီး အသတ်ခံထားရတဲ့ ရုပ်အလောင်း ငါးလောင်းတွေ့

RFA Burmese
2023.04.26
အင်းတော် မော်လူးမြို့အနီး အသတ်ခံထားရတဲ့ ရုပ်အလောင်း ငါးလောင်းတွေ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား တွေ့ရစဉ်။
Photo: RFA

မတ်လ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မံဟဲရွာကနေ အဖမ်းခံလိုက်ရတဲ့ ရွာသား ငါးဦးရဲ့ ရုပ်အလောင်းတွေကို တစ်လအကြာ ဧပြီလ ၂၄ ရက်နေ့မှာ ပြန်တွေ့ရတယ်လို့ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူနဲ့ ဒေသခံတွေက ပြောပါတယ်။

မံဟဲရွာက သာမန်အရပ်သားတွေဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုညီညီနဲ့ ကိုလောရှုပ်၊ အသက် ၃၈ နှစ်အရွယ် ကိုအောင်မင်းသိုက်နဲ့ ကိုနေလင်းထွန်း၊ အသက် ၄၈ နှစ်အရွယ် ကိုဖိုးရှမ်းတို့ ငါးဦးဟာ မတ်လ ၂၄ ရက်နေ့က သူတို့ရွာကို စစ်ကြောင်းဝင်ရောက်ချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

တစ်လအကြာ ဧပြီ ၂၄ ရက်နေ့မှာတော့ အင်းတော်မြို့နယ်၊ မော်လူးမြို့တောင်ဘက် လေးမိုင်အကွာရှိ တောစပ်အနီးမှာ အပိုင်းပိုင်းခုတ်ဖြတ်ပြီး တစ်ပိုင်းတစ်စ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ရတာကြောင့် ဒါဟာ လွန်ခဲ့တဲ့ တစ်လက အဖမ်းခံရတဲ့ ရွာသား ငါးဦးရဲ့ ရုပ်အလောင်းတွေ ဖြစ်နိုင်တယ်လို့ အင်းတော် တော်လှန်ရေးတပ်ဖွဲ့ – IR အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီး PDF ငါးယောက် ကျဆုံးဆိုပြီး မတ်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီ ဘက်က တင်ခဲ့တယ်၊ အဲခါတုန်းက ဘာတိုက်ပွဲမှ မဖြစ်ဘူးဗျ။ အဲဒီကတည်းက ဖမ်းသွားသူ ငါးယောက်ကို တိုက်ပွဲဖြစ်တယ်လို့ သတင်းလွှင့်ပြီး သတ်လိုက်ပြီဆိုတာ သိလိုက်ပြီ။ အခု တစ်လအကြာမှာ မြေမြှုပ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့တော့ ဒီအလောင်းတွေဟာ အဲဒီရွာသား ငါးယောက်ပဲဆိုတာ သိလိုက်ပြီ”

စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေကနေ မတ်လ ၂၄ ရက်နေ့က မော်လူးမြို့အနီး တိုက်ပွဲဖြစ်လို့ PDF ငါးဦး သေဆုံးကြောင်း သတင်းဖော်ပြခဲ့ပါတယ်။

မော်လူးမြို့အနီး အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေ တွေ့ရှိတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (AAPP) ရဲ့ ဧပြီလ ၂၅ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ယနေ့အချိန်အထိ လူပေါင်း ၃,၄၃၄ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။