လက်နက်ကြီးကြောင့် အင်းတော်နဲ့ ခင်ဦးမှာ အရပ်သား ခြောက်ဦး ဒဏ်ရာရ
2023.02.22

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့နယ်၊ ကျော်ရွာနဲ့ မိုးယုရွာတွေမှာတော့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။
ဒဏ်ရာရတဲ့သူတွေထဲမှာ အသက် ၇၀ ကျော်အရွယ် ဒေါ်မိမိလေး၊ အသက် ၄၀အရွယ် ဒေါ်မြမိုးနဲ့ အသက် ၃၀ အရွယ် အမည်မသိရသေးတဲ့ အမျိုးသားနှစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရတဲ့သူတွေကို အင်းတော်မြို့ပြည်သူ့ ဆေးရုံကို ပို့ဆောင်ထားပြီး အသက် ၇၀ ကျော် အရွယ် အဘွားအို ဒေါ်မိမိလေးက အခြေအနေ စိုးရိမ်ရတယ်လို့ အင်းတော်မြို့နယ် မှာ နေထိုင်တဲ့ ဒေသခံ ကိုကျော်ကြားက ပြောပါတယ်။
"အကုန်လုံးက ပခုံးတို့ ရင်ဘတ်နဲ့ ခြေထောက်၊ ခါး အဲဒီနေရာတွေ မှန်တာပေါ့။ အဲဒီထဲမှာ အသက်အရွယ်အရ ၇၀ ကျော် အဘွားကတော့ ပခုံးနဲ့ ဗိုက်ကို လက်နက်ကြီး အပိုင်းအစ မှန်ထားတော စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်။ ပစ်ခံရပြီးပြီးချင်း ဆေးရုံ မပို့နိုင်တော့ သွေးထွက်လွန်တာတွေလည်း ရှိကြတယ်။ စစ်ကောင်စီ အခြေကုပ်ယူထားတဲ့ ဗျူဟာကုန်း (ရိက္ခာကုန်း) ဘက်ကနေ ရွာဘက်တွေကို လှမ်းပစ်တာ”
ပစ်ခတ်မှုဟာ ၁၀ ချက်ကျော်နဲ့ နာရီဝက်နီးပါး ကြာမြင့်ခဲ့ပြီး မိုးယုရွာနဲ့ ကျော်ရွာက နေအိမ် လေးလုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညပိုင်းမှတော့ ခင်ဦးမြို့နယ် အင်းပတ်ရွာထဲကို စစ်ကောင်စီ တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၆၀ အရွယ် အမျိုးသမီး တစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရပြီး၊ အသက် ၃၀ အရွယ် အမျိုးသားကတော့ သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA ရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ် သြဂုတ်လကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၁၈ ဦးသေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။