တန့်ဆည်မှာ ရဲနှစ်ဦး အသတ်ခံရပြီးနောက် လုံခြုံရေးတင်းကျပ်ကာ အဖမ်းအဆီးများနေ

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်ကြား ထန်းခါးပင်ရွာအသက် ၂၁ အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒီနေ့မနက်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ တန့်ဆည်မြို့ ပေါ် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မနက်က တန့်ဆည်ကနေ ပြန်သွားတဲ့ တပ်ဖွဲ့ဝင်တွေက ထန်းခါးပင်ရွာက အသက် ၂၁ အရွယ် တစ်ယောက်ကိုလည်း လမ်းဘေးမှာ ပစ်သတ်သွားခဲ့တယ်။ ဒီမနက်က။ ရေဦးက တန့်ဆည်ကိုလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ကားနှစ်စီးက ပြန်သွားတဲ့အချိန် ကားလမ်းပေါ်မှာတွေ့တဲ့ ထန်းခါးပင်ရွာက လူကို လမ်းဘေးမှာပဲ ပစ်သတ်သွားတာ။ အခုတော့ ရွာသားတွေက သင်္ဂြိုဟ်ဖို့ သယ်သွားကြပြီ"
တန့်ဆည်မြို့ပေါ်မှာ စက်တင်ဘာ ၄ ရက် မနေ့က ညနေမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်တစ်လျှောက် သေနတ်တွေ ပစ်ဖောက်ကာ လမ်းသွား၊ လမ်းလာသူတွေကို ဖမ်းဆီးနေတယ်လို့ မြို့ပေါ်နေ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရဲနှစ်ဦး အသတ်ခံရလို့ သူတို့ဘက်က အခဲမကျေလို့ ညတုန်းကလည်း မြို့ပေါ်မှာ တဒိုင်းဒိုင်း အဆက်မပြတ် ပစ်တယ်။ အခုလက်ရှိ မြို့ပေါ်ကလူတွေ အပြင် သိပ်မထွက်ရဲကြဘူး။ ထွက်ရင်လည်း စစ်ဆေးနေကြတယ်။ ရွာဘက်က လူတွေလည်း မသွားရဲကြဘူး။ မနေ့က ကလန်ကြိုင်ရွာဘက်ကို မွှေသေးတယ်လို့ ကြားတယ်"
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တန့်ဆည်မြို့နယ်ထဲက ကျွဲဆွဲရွာနဲ့ ရွှေကတော်ရွာကြားမှာ ရွာထိပ်က နေပြီး လမ်းတွေပေါ်မှာပတ်ပြီး သေနတ်တွေနဲ့ ပစ်နေတာကြောင့် ဒေသခံတွေဟာ ပုန်းနေရတယ်လို့ ဆိုပါတယ်။
မနေ့က ညနေ ၅ နာရီခွဲခန့်မှာ တန့်ဆည်မြို့ လမ်းဆုံဈေးသစ်အနောက်နားမှာ တပ်ကြပ် မျိုးထက်ဦးနဲ့ ရဲတပ်သား အောင်သူဝင်း တို့နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ တန့်ဆည် ပြည်သူ့ရဲဘော်တပ်ဖွဲ့ Taze People Comrades-TPC အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ဝန်းကျင်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ အုပ်စု သုံးစု ခွဲပြီး မြို့နယ်တွေထဲမှာ လှည့်ပတ်ဖမ်းဆီးတာတွေ လုပ်နေတာပါ။
တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေကိုလည်း စက်တင်ဘာလ ၂ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က အင်အား ၁၀၀ ခန့်လောက်နဲ့ လှည့်လည်စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံ ၅၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။