ကျောက်တော်မှာ ဒုက္ခသည်တွေ တိုးလာ
2018.12.31

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းမှာ တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ငစရိုင်းကိုင်းကျေးရွာက လူ ၁၈၀ လောက် ဝါးတောင်ကျေးရွာကို မနေ့က ညနေပိုင်းမှာ ထွက်ပြေးရောက်ရှိလာတယ် လို့ သိရပါတယ်။
ဒီရက်ပိုင်းတွေအတွင်း ပစ်ခတ်မှုတွေမရှိပေမယ့် တပ်မတော်က စားနပ်ရိက္ခာ သယ်ယူတာတွေကို ကန့်သတ်မှုတွေ ရှိနေတာကြောင့် အခက်အခဲတွေဖြစ်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်လာကြတာလို့ ထွက်ပြေးလာတဲ့ ငစရိုင်းကိုင်း ရွာသားတစ်ဦးက ပြောပါတယ်။
ယိုးချောင်းအထက်ပိုင်းကျေးရွာတွေ အတော်များများက ထွက်ပြေးလာကြသူတွေဟာ လက်ရှိမှာ ကန်စောက်၊ တောင်မင်းကုလား၊ ဝါးတောင် စတဲ့ကျေးရွာတွေမှာ လူဦးရေ တစ်ထောင် ကျော်ရှိနေတာဖြစ်ပြီး တပ်မတော်က နေရပ်ပြန်ဖို့ပြောဆိုပေမယ့် လက်ရှိအချိန်အထိ နေရပ်ပြန်တဲ့သူမရှိသေးဘူးလို့ သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့လောက်ကစပြီး ထွက်ပြေးလာကြသူတွေဟာ နှစ်ဘက်တိုက်ပွဲတွေကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာကြသူတွေရှိသလို ဒီနောက်ပိုင်းမှာတော့ တပ်မတော်က စားနပ်ရိက္ခာ သယ်ယူခွင့်ကို ကန့်သတ် ထားတာတွေကြောင့် ထွက်ပြေးလာကြသူတွေဖြစ်တယ်လို့ ကန်စောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသင်္ခါကျော် က ပြောပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ယိုးချောင်း အထက်ပိုင်းကျေးရွာတွေက ဒေသခံတွေအတွက် စားနပ်ရိက္ခာ အကူအညီတွေကို လွတ်လွတ်လပ်လပ် သွားရောက်ပေးအပ်ခွင့် ဒီနေ့အထိ မရကြသေးဘူးလို့လည်း သိရပါတယ်။
ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ထောက်ခံချက် အပြည့်အစုံနဲ့ တင်ပြမယ်ဆိုရင် တပ်မတော်က ခွင့်ပြုပေးမယ်လို့ RFA ကို ပြောဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။