နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနှိမ်နင်းရေး မြန်မာနဲ့ပူးပေါင်းမှု တိုးမြှင့်မယ်လို့ တရုတ်ပြော

RFA Burmese
2024.04.25
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနှိမ်နင်းရေး မြန်မာနဲ့ပူးပေါင်းမှု တိုးမြှင့်မယ်လို့ တရုတ်ပြော တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီး Wang Xiaohong နှင့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က တွေ့ဆုံစဉ်။
Xinhua

နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနှိမ်နင်းရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်မယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး Wang Xiaohong က စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ဧပြီလ ၂၅ ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့မှာတွေ့ဆုံစဥ် ပြောဆိုပါတယ်။

ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိဖို့တွက် လောင်းကစားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ တခြား နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ အဆင့်သင့်ရှိတဲ့အကြောင်း Wang ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

လက်ရှိမှာလည်း တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေက အွန်လိုင်းလိမ်ဂိုဏ်းတွေနဲ့ ဆက်နွယ်တဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းရာမှာ ထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိတယ်လို့ သူကဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ နှစ်နိုင်ငံအကြား လုံခြံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ ဒီထက်ပိုပြီး ရလဒ်ကောင်းတွေ ထွက်ပေါ်လာအောင် မြန်မာဘက်က ဆောင်ရွက်ဖို့ဆန္ဒရှိတဲ့အကြောင်း ပြောခဲ့တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေးကိုလည်း တရုတ်နိုင်ငံက မဟာဗျူဟာမြောက်ရှုထောင့်ကနေ အမြဲတမ်းရှုမြင်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်နေတယ်လို့ Wang Xiaohong က ပြောပါတယ်။

နယ်စပ်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်လို့ တရုတ်နိုင်ငံသား ငါးသောင်းကျော် (၅၀,၇၇၂ဦး)ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်ကနေ ၂၀၂၄ မတ်လ ၅ ရက်ထိ ငါးလအတွင်းမှာ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။