အကျဉ်းကျ ရှမ်းခေါင်းဆောင် ဦးစိုင်းညွန့်လွင်၏ မွေးနေ့ပွဲ ရန်ကုန်မှာ ကျင်းပ
2011.07.03
ဒီ အခမ်းအနားကို နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ စာပေအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြောင်းနဲ့ ဦးစိုင်းညွန့်လွင် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း SNLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က RFA ကိုပြောပါတယ်။
“ဦးစိုင်းညွန့်လွင်ရဲ့ စာပေကို လေးစားတဲ့ လူငယ်တွေက ဦးညွန့်လွင်ရဲ့ အမျိုးသမီးနဲ့အတူ အခမ်းအနားကို ဖွင့်ပါတယ်။ ပြီးတော့ အကျဉ်းကျရာကနေ အမြန်ဆုံး လွတ်မြောက်ဖို့ ရည်မှန်းပြီးတော့ ငှက်အကောင် ၆၁ ကောင်ကို လွှတ်ပေးလိုက်တယ်”
အခမ်းအနားကို UNA ညီညွတ်သော တိုင်းရင်းသား မဟာမိတ်များ အဖွဲ့က ဦးနိုင်ငွေသိန်း၊ ဦးပုကျင့်ရှင်းထန်နဲ့ ဦးထောင်ကိုထန်း၊ NLD ပါတီ ဥပဒေ အကြံပြုအဖွဲ့က ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးအောင်သိန်း တို့အပြင် အမျိုးသမီးအဖွဲ့က ဒေါက်တာမေဝင်းမြင့် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
SNLD ပါတီဟာ ၁၉၉ဝ ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မဟာမိတ် ဖြစ်သလို UNA အဖွဲ့မှာလည်း အဓိက အဖွဲ့ဝင်ပါတီ ဖြစ်ပါတယ်။ အစိုးရက ၂ဝဝ၅ ခုနှစ်မှာ SNLD ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် အပါအဝင် ရှမ်းခေါင်းဆောင် ၁ဝ ဦးကို ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ဦးစိုင်းညွန့်လွင်ဟာ လက်ရှိမှာ သွေးတိုးရောဂါ ခံစားနေရပြီး လိပ်ခေါင်းရောဂါ အတွက်လည်း ဆေး မှန်မှန်သောက်နေရကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန် မရရှိတဲ့အတွက် သူ့ရဲ့ ကျန်းမာရေးကို စိုးရိမ် ပူပန်နေကြကြောင်း ဦးစိုင်းလိတ်က ပြောပါတယ်။
“သွေးနည်းနည်းတက်တယ်။ ထူးထူးခြားခြား စိုးရိမ်ရတာ တခုကတော့ သွားမကောင်းဘူး၊ အံကပ် တပ်ထားတဲ့အခါကျတော့ အမာ မစားနိုင်ဘူး။ မိသားစုကလည်း ဆန် သွင်းလု့ိမရတော့ ဆန်ပြုတ်တို့ Knorr တို့ ပို့ပြီးမှ ကိုယ့်ဘာသာ လုပ်စားနေရတယ်”
ပူတာအိုထောင်မှာ အကျဉ်းကျနေတဲ့ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးဟာလည်း ဆီးကျိတ်ယောင် ရောဂါကြောင့် ကျန်းမာရေး ချို့တဲ့နေကြောင်း သိရပါတယ်။