၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင် တစ်သန်းခွဲကျော် ဆုံးရှုံး

2022.01.28
၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင် တစ်သန်းခွဲကျော် ဆုံးရှုံး ၂ဝ၂ဝ မေလက တွေ့ရတဲ့ လှိုင်သာယာစက်မှုဇုန် အထည်ချုပ်စက်ရုံတစ်ရုံအတွင်းမှ အလုပ်ခွင်မြင်ကွင်း။
Photo: RFA

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ကိုဗစ်- ၁၉ ကပ်ရောဂါနဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာတွေကြောင့် စက်ရုံအလုပ်ရုံတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းကုန်ပြီး၊ အလုပ်အကိုင်ပေါင်း ၁.၆ သန်း ဆုံးရှုံးခဲ့ရကြောင်းနဲ့ ဒီရိုက်ခတ်မှုဒဏ်ကို အမျိုးသမီးတွေ အများဆုံးခံစားကြရကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က သောကြာနေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ .... မြန်မာနိုင်ငံဟာ လုပ်ငန်းကဏ္ဍပေါင်းစုံကို ပုံစံအမျိုးမျိုးနဲ့ ထိခိုက်တဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ကြုံတွေ့နေရပြီး၊ ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ ပြဿနာတွေအပြင် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု၊ အကြမ်းဖက် တိုက်ခိုက်မှု၊ လုံခြုံမှုကင်းမဲ့လာတာနဲ့ ပြည်သူတွေ နေအိမ်စွန့်ခွာထွက်ပြေးရတာတွေ ဆက်တိုက်ကြုံနေရတယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့နောက် အလုပ်အကိုင်တော်တော်များများ ရပ်ဆိုင်းသွားပြီး၊ တရားဝင်နဲ့ တရားမဝင် အလုပ်အကိုင်အားလုံးရဲ့ ၈ ရာခိုင်နှုန်းလောက်အထိ ပျောက်ဆုံးသွားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မနှစ်ကထက် ၁၈ ရာခိုင်နှုန်း ကျုံ့သွားမယ်လို့ ခန့်မှန်းရပြီး၊ အာဏာသိမ်းစစ်ကောင်စီဟာ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတွေကို ဖြိုခွင်းနေတဲ့အတွက် စက်ရုံအလုပ်ရုံတွေက လုပ်ငန်းခွင် အခြေအနေတွေ ဆိုးဝါးလာနေပြီး၊ လုပ်သားတော်တော်များများဟာ ဒီထက်လုပ်ခနည်းတဲ့အလုပ်တွေ ဒါမှမဟုတ် လယ်ယာလုပ်ငန်းခွင်တွေကို ပြန်လုပ်နေကြတယ်လို့လည်း ILO က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူ အားလုံးရဲ့ ထက်ဝက်လောက် အလုပ်လုပ်နေတဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာဆိုရင် ကုန်ထုတ်လုပ်မှုနဲ့ ကုန်စည်ဈေးနှုန်းတွေ ကျဆင်းနေပြီး၊ ဘဏ်လုပ်ငန်းတွေ အကျပ်အတည်း ဆိုက်နေတာကြောင့် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးတဲ့ လုပ်ငန်းစဉ်တွေလည်း ရပ်ဆိုင်းနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံတော်လှန်ရေးအဖွဲ့တွေအကြား တိုက်ခိုက်မှုတွေကြောင့်လည်း တောင်သူလယ်သမားတွေကို ထိခိုက်နေရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

အလားတူ ဆောက်လုပ်ရေးကဏ္ဍမှာလည်း စစ်တပ်က အာဏာသိမ်းပြီးနောက် စီမံကိန်းဖျက်သိမ်းလိုက်တာနဲ့ ရင်းနှီးမြုပ်နှံသူတွေ နောက်ဆုတ်သွားကြတာတွေကြောင့် ဆောက်လုပ်ရေးကဏ္ဍက အလုပ်အကိုင်အားလုံးရဲ့ သုံးပုံတစ်ပုံနဲ့ ညီတဲ့ လုပ်သားသုံးသိန်းခွဲလောက် အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ခရီးသွားလုပ်ငန်းကဏ္ဍမှာလည်း ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ဟိုတယ်တွေ ပိတ်ထားရတဲ့အတွက် အလုပ်အကိုင်ပေါင်း ရှစ်သောင်းလောက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်အကိုင် ဆုံးရှုံးသွားရသူ အများစုဟာ အမျိုးသမီးလုပ်သားတွေဖြစ်ပြီး ကပ်ရောဂါနဲ့ အာဏာသိမ်းမှုမတိုင်ခင်က အမျိုးသမီးလုပ်သားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းအများဆုံး ပေးထားတဲ့ အထည်ချုပ်လုပ်ငန်းမှာဆိုရင်လည်း အလုပ်အကိုင်ပေါင်း နှစ်သိန်းနှစ်သောင်းကျော် ဆုံးရှုံးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

အခုဆက်လက် ဖြစ်ပွားနေတဲ့ အကျပ်အတည်းဟာ လုပ်သားဈေးကွက်မှာ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတဲ့ တိုးတက်မှုတွေကို နောက်ပြန်ရောက်သွားစေပြီး၊ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ထိခိုက်လွယ်တဲ့ လုပ်သားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုပြီး ထိခိုက်လာလိမ့်မယ်လို့ အစီရင်ခံစာက သုံးသပ်ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။