တရားမဝင်သစ်ကိစ္စ ရဲတပ်ဖွဲ့ကို စစ်ဆေးပေးဖို့ ဝန်ကြီးချုပ်ထံ လွှတ်တော်အဖွဲ့ တင်ပြ


2018.07.07
illegal-wood-ayarwaddy-622.jpg ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှာ တရားမဝင် ပျဉ်းကတိုး/သဒီ/တောင်သရက်ခွဲသား (၇၅) ချောင်းကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က ဖမ်းဆီးရမိစဉ်
Photo: Forest Department - facebook

ဧရာဝတီတိုင်းအတွင်း တရားမဝင် သစ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို စစ်ဆေးပေးဖို့ လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တိုင်းအစိုးရအဖွဲ့ထံ မေတ္တာရပ်ခံထားပါတယ်။

ရဲတပ်ဖွဲ့က ပြည်ထဲရေးနဲ့ သက်ဆိုင်တဲ့အတွက် အစိုးရကပဲ စစ်ဆေးပေးဖို့ ဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံထားတယ်လို့ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။

"ရဲကျတော့ ပြည်ထဲရေးနဲ့ဆိုင်တယ်လေ၊ ကျနော်တို့ တိုက်ရိုက်စစ်ဆေးတာထက် ရဲနဲ့ပတ်သက်တာ တစ်ခုကို တိုင်းအစိုးရကို စစ်ဆေးပေးဖို့ပေါ့၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကို ကျနော် မေတ္တာရပ်ခံပြီးတော့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တွေက ရဲကို စစ်ဆေးပေးဖို့ပေါ့၊ ကျန်တဲ့အပိုင်းတွေက အားလုံး စစ်ဆေးပြီးသွားပါပြီ၊ လာမယ့် အပတ်ထဲမှာ အဲဒီတစ်ခုကျန်တဲ့ဟာပြီးမယ်ပေါ့၊ ပြီးတော့မှ သုံးသပ်ချက်နဲ့ ပြန်ထွက်လာမှာပေါ့"

မေတ္တာရပ်ခံစာကို ဝန်ကြီးချုပ်ထံ မနေ့က ပေးပို့လိုက်ပြီဖြစ်တယ်လို့လည်း ပြောပါတယ်။

တိုင်းအတွင်းက တရားမဝင် သစ်လုပ်ငန်းတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအပါအဝင် ဓနုဖြူ၊ မအူပင်၊ ငပုတော၊ ကျောင်းကုန်း၊ မြန်အောင် စတဲ့မြို့နယ်တွေက စုစုပေါင်း တိုင်းကိုယ်စားလှယ် ၇ ဦးနဲ့ ပြီးခဲ့တဲ့ ဇွန်လက ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ လိုအပ်တဲ့ ပုဂ္ဂိုလ်တွေကို စုံစမ်းမေးမြန်းပြီးနောက် တွေ့ရှိချက်တွေကို တိုင်းလွှတ်တော် ဥက္ကဋ္ဌထံ ပြန်လည်တင်ပြထားပြီဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်ကို စစ်ဆေးဖို့ပဲ ကျန်ရှိတာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်းမှာ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းတွေကို အဖွဲ့အစည်းနဲ့ လုပ်ကိုင်နေတာတွေ၊ အဲဒီလုပ်ငန်းတွေမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေကပါ ပူးပေါင်းပြီး လာဘ်ပေး၊ လာဘ်ယူမှုတွေ ရှိနေတာကြောင့် အရေးယူပေးဖို့ဆိုပြီး သာပေါင်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက မေလ ၂၅ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

အဲဒီမေးမြန်းမှုကို တိုင်းအစိုးရအဖွဲ့က လာရောက်ဖြေကြားတဲ့အခါမှာ တိကျသေချာတဲ့ အဖြေမရရှိတာကြောင့် စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဖွဲ့စည်းဖို့ တိုင်းလွှတ်တော် ဥက္ကဋ္ဌက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

သစ်မှောင်ခိုလုပ်ငန်းတွေဟာ သာပေါင်းမြို့နယ်တစ်မြို့နယ်ထဲတင်မကဘဲ တိုင်းအတွင်းက တစ်ခြားမြို့နယ်တွေ မှာပါ ရှိနေတာဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။