စစ်ကိုင်းတိုင်းမှာ မေလအတွင်း မှောင်ခိုသစ် တန်သုံးရာကျော် ဖမ်းမိ
2019.06.02

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း တရားမဝင် ခုတ်လှဲခဲ့တဲ့ သစ် ပမာဏ တန်ချိန် ၃၂၆ တန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာ အိန္ဒိယ နယ်စပ် တမူးမြို့နယ်တဝိုက်မှာ ရဲတပ်ဖွဲ့၊ သစ်တောဌာနနဲ့ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တရားမဝင် သစ်ခုတ်လှဲ သယ်ယူရောင်းချနေတာတွေကို ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
တမူးမြို့နယ်အတွင်း မော်လူးနဲ့ အာလော သစ်တောတွေအတွင်း ခုတ်လှဲထားတဲ့ ကျွန်းနဲ့ သစ်မာမျိုးစုံ ဖမ်းဆီးမိခဲ့တဲ့အပြင် အနီးကကျေးရွာတွေနဲ့ လူနေရပ်ကွက်တွေအတွင်းမှာလည်း တရားမဝင်သစ်တွေ တွေ့ရှိဖမ်းမိခဲ့ပါတယ်။ ဒါ့ပြင် သစ်ခုတ်လှဲထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မော်တော်ဆိုင်ကယ် ကိုးစီး၊ နွားလှည်း ငါးစီး၊ နွား ၁၀ ကောင်၊ လွှစက်နဲ့တခြားပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ပဲခူးတိုင်းတောင်ပိုင်းက သစ်တောအတွင်း တရားမဝင် ခုတ်လှဲထားတဲ့ သစ်မာ ၆၃ တန် သိမ်းဆည်းရမိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း မန္တလေးတိုင်း စဉ့်ကူမြို့နယ်မှာ ဧရာဝတီမြစ်အတွင်း သစ်မှောင်ခိုလှေ ၁၆ စင်းကို ဖမ်းဆီးမိခဲ့ပါတယ်။