သစ်မှောင်ခိုလုပ်ငန်းတွေကို လွှတ်တော်က ကော်မရှင်ဖွဲ့ စုံစမ်းမည်
2018.05.28
ဧရာဝတီတိုင်းဒေသကြီးအတွင်းက တရားမဝင် သစ်မှောင်ခိုလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့အတွက် တိုင်းဒေသကြီး လွှတ်တော်က ဦးဆောင်ကာ လာမယ့် ဇွန်လမှာ စုံစမ်းစစ်ဆေးမယ့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းသွားမယ်လို့ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။
ကော်မရှင်ကို လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ပြင်ပပုဂ္ဂိုလ်တွေနဲ့ပါ ဖွဲ့စည်းမှာ ဖြစ်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။
"ကျနော်တို့ လွှတ်တော်က အခုလကုန်ပိုင်းအထိ ရှိမှာကိုး၊ လွှတ်တော်အပြီးကျတော့မှ အဲဟာနဲ့ပတ်သက်ပြီး ဖွဲ့ရမှာကိုး၊ ကော်မရှင်ဆိုတော့ ကျနော်တို့က ကိုယ်စားလှယ်ထဲကရော ပြင်ပပုဂ္ဂိုလ်တွေရော အကုန်ပါဝင်တဲ့ အဖွဲ့ ဖွဲ့ရမှာပေါ့၊ ရှေ့လ ပထမအပတ်ထဲမှာတော့ ဖွဲ့ရမှာပေါ့"
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အတွင်းမှာ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းတွေကို အဖွဲ့အစည်းနဲ့ လုပ်ကိုင် နေကြတာတွေ၊ အဲဒီလုပ်ငန်းတွေမှာ ဌာနဆိုင်ရာဝန်ထမ်းတွေကပါ ပူးပေါင်းပြီး လာဘ်ပေး၊ လာဘ်ယူမှုတွေ ရှိနေတာကြောင့် အရေးယူပေးဖို့ဆိုပြီး တိုင်းဒေသကြီးလွှတ်တော်မှာ သာပေါင်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါ က မေလ ၂၅ ရက်နေ့က မေးခွန်းမေးမြန်းခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း က တိုင်းလွှတ်တော်မှာ လာရောက်ဖြေကြားခဲ့ရာမှာ တိကျခိုင်မာတဲ့ အထောက်အထားတွေရှိရင် တိုင်းအစိုးရအဖွဲ့ကို တိတိကျကျတိုင်ကြားပါလို့ ပြောခဲ့တာကြောင့် အဲဒီနေ့က လွှတ်တော်မှာပဲ တစ်ခါတည်း တိုင်းအစိုးရအဖွဲ့ထံ တိုင်ကြားပါတယ်ဆိုပြီး တင်ပြခဲ့တယ်လို့ သိရပါတယ်။
သစ်မှောင်ခိုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အရင် တိုင်းဝန်ကြီးချုပ် လက်ထက်က တစ်ကြိမ် မေးခွန်းမေးမြန်းခဲ့ရာမှာ တိုင်းအစိုးရအဖွဲ့က လာရောက်ဖြေကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်မှုနောက်ပိုင်းမှာ ထူးခြားမှုမရှိဘဲ မှောင်ခို လုပ်ငန်းက ရှိမြဲတိုင်း ရှိနေတာကြောင့် ဒုတိယအကြိမ်အဖြစ် မေးခွန်းမေးခဲ့တာလို့ ဒေါ်ခင်မိုးဝါ က ပြောပါတယ်။
အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က အဲဒီသစ်မှောင်ခိုလုပ်ငန်း ကိစ္စတွေကို တိုင်းလွှတ်တော်က ကော်မရှင်ဖွဲ့ကာ စစ်ဆေးသွားဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။