တရားမဝင် မြန်မာ ၇၇ ဦး ထိုင်းကနေ ပြန်ပို့
2019.07.28

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၇၇ ဦးကို ဇူလိုင်လ ၂၆ ရက် သောကြာနေ့က ကော့သောင်းမြို့ နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံဘက် ပြန်လည်ပို့ဆောင်လိုက်ကြောင်း ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒီ မြန်မာနိုင်ငံသားတွေဟာ အလုပ်လုပ်ကိုင်ခွင့် ပါမစ်မရှိတာ၊ နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းကုန်တာ စတဲ့ အချက်တွေကြောင့် အဖမ်းခံရသူတွေဖြစ်ပြီး ပြန်မပို့ခင် ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့ကြောင်း၊ တရားမဝင် အလုပ်လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခံရသူတွေ ဖြစ်ကြောင်းလည်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ပြောပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ သုံးလအတွင်း ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တဲ့ တရားမဝင် မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်ပြီး စုစုပေါင်း ၄၄၈ ဦးအထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံကို တရားမဝင် လာရောက်ကြတဲ့ အလုပ်သမားတွေအများစုဟာ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးတွေနဲ့ မွန်၊ ရခိုင်ပြည်နယ်တွေက ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထိုင်းအစိုးရ တရားဝင် စာရင်းတွေအရ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား စုစုပေါင်းဟာ ငါးသန်းခန့်မှာ လူငယ်တွေက သုံးသန်းခန့်ရှိပြီး၊ ငါးနဲ့ ရေထွက်လုပ်ငန်းတွေမှုာ လေးသောင်းခွဲကျော်၊ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေမှာ ငါးသောင်းကျော် အလုပ်လုပ်နေကြတယ်လို့ သိရပါတယ်။