တရားမဝင် တရုတ်နိုင်ငံသား ဝင်ရောက်မှု များလာ

ဝေယံမိုးမြင့်၊ ဖြူဖြူခိုင်
2019.12.19
china-border-622.jpg တရုတ်- မြန်မာ နယ်စပ်ဂိတ်ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

နယ်စပ်မြို့ကနေ တရားမဝင် ဝင်ရောက်လာပြီး မူဆယ်၊ တာချီလိတ်၊ လားရှိုးမြို့တွေမှာ လောင်းကစားဂိမ်းဆိုင် လုပ်ငန်းအပါအဝင် တခြားလုပ်ငန်း အများအပြားမှာ ဝင်ရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၇၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ၆ လအတွင်းမှာတင် ၂၄၁ ဦးအထိ ရှိနေပြီဖြစ်တဲ့အတွက် မနှစ်ကထက် ပိုများနေတာပါ။

တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်တလျှောက်က မြို့နယ်တွေမှာ အများဆုံးဖမ်းမိတာလို့ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင် က ပြောပါတယ်။

"ကျွန်တော်တို့ဆီမှာက အထူးသဖြင့် နယ်စပ်ဒေသနဲ့ ထိစပ်နေတယ်။ အထူးသဖြင့်ထိုင်း၊ တရုတ်၊ လာအိုနဲ့ ထိစပ် နေတဲ့နေရာပါ။ တရုတ်နိုင်ငံသားတွေဟာပညာရှင်နဲ့ ပတ်သက်လို့ ရွှေတို့သတ္တုနဲ့ ပတ်သက်လို့ ခိုးဝင်မှုတွေ ရှိတယ်။ ခိုးဝင်တဲ့နေရာတွေမှာ နယ်မြေလုံခြုံရေးအရ ကန့်သတ်ချက်ရှိလို့ ကျွန်တော်တို့လည်း တိတိကျကျ ဖမ်းဆီးတာတွေ မလုပ်နိုင်ဘူး။ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လုံခြုံရေးနေရာတွေမှာ ဝင်လာတဲ့တရုတ်တွေကိုတော့ ဖမ်းဆီးအရေးယူတာတွေတော့ရှိတယ်။"

အဲဒီတရုတ်နိုင်ငံသားတွေကို လဝကအက်ဥပဒေပုဒ် ၁၃(၁) နဲ့ အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဦးဝင်းလွင်ရဲ့ ပြောပြချက်အရ သိရပါတယ်။ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၁၃ (၁) အရ အနည်းဆုံးထောင်ဒဏ် ၆ လ ကနေ အများဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သလို အနည်းဆုံးငွေဒဏ် ကျပ် ၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

တရုတ် အပါအဝင် နိုင်ငံခြားသား ရာဇဝတ်သား အများအပြားကို မြန်မာပြည်က ထောင်တွေထဲမှာ ကာလကြာရှည် ထိန်းသိမ်းထားလေ့မရှိပါဘူး။ လွတ်ရက်မစေ့ခင် ပြန်လွှတ်ပေးတာမျိုးကို မကြာခဏ တွေ့ခဲ့ရပါတယ်။

၂၀၁၅ ခုနှစ်က ကချင်ပြည်နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသား အယောက် ၁၅ဝ ကျော်ကို  ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။

တရုတ်အစိုးရက သူတို့ရဲ့ ပြစ်ဒဏ်ကို ပြန်သုံးသပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဖိအားပေးခံရတဲ့ မြန်မာအစိုးရက သူတို့ကို စီရင်ချက်ချမှတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ရက်နေ့က ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က ရှမ်းပြည်နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို အရေးယူပေးဖို့နဲ့ ပြည်နယ်အတွင်း လောင်းကစားဝိုင်းတွေကို အရေးယူပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းအပေါ် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို တည်ဆဲဥပဒေနဲ့အညီ စီစစ်ဖော်ထုတ် အရေးယူတာတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီလိုဖြေကြားမှုအပေါ် ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်ကတော့ ကျေနပ်အားရမှုမရှိဘူးလို့ ပြောပါတယ်။

"နယ်လုံဝန်ကြီးဖြေကြားတာက ဥပဒေနဲ့မညီတဲ့ ဝင်ရောက်မှုတွေကို လိုက်စီစစ်တယ်ပေါ့။ စီစစ်လို့တွေ့ရင်တော့ ဖမ်းတယ်ပေါ့။ မစီစစ်ဘဲနဲ့ မတွေ့ရင်တော့ မဖမ်းဘူးဆိုတဲ့ပုံစံမျိုးပေါ့။ နယ်စပ်ဂိတ်တွေမှာလည်း ဧည့်စာရင်း ပယ်ဖျက်တဲ့အတွက် တရုတ်နိုင်ငံသားတွေ နယ်စပ်က လွယ်လွယ်ကူကူဝင်လာနိုင်တယ်ပေါ့။ ဒီလိုဝင်လာတာတွေ ကို သူတို့ကအကြောင်းပြတာပေါ့။ အဓိကတော့ လုံခြုံရေးက လုံခြုံရေးတာဝန်ယူရမှာပေါ့"

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တယ် မူဆယ်မြို့မှာ နေထိုင်တဲ့ ကရုဏာလူမှုကူညီရေးအသင်းက ဦးသောင်းထွန်း ပြောတာက

“စိုးရိမ်စရာတော့ အများကြီးရှိတယ်။ တရားမဝင်တဲ့လုပ်ငန်းမှန်သမျှ သူတို့ဝင်ရောက်လုပ်ကိုင်နေတာတွေ အများကြီးရှိပါတယ်။ တရားမဝင်တဲ့ဂိမ်းဆိုင်တွေမှာလည်း သူတို့ဝင်လုပ်နေတယ်။ မူးယစ်ဆေးဝါးတွေလည်း သူတို့လုပ်နေတာတွေ အများကြီးရှိတယ်။ သူတို့နိုင်ငံကဥပဒေအရ မူးယစ်ဆေးဝါးလုပ်ရင် ပြစ်ဒဏ်တွေက ကြီးမားတဲ့အတွက် ကျွန်တော်တို့ဘက်မှာက အကြောင်းအရာအမျိုးမျိုးအရ၊ ဥပဒေအမျိုးမျိုးအရ လွတ်တာတွေ ရှိနေတော့ သူတို့ဒီဘက်မှာ ပိုလုပ်နေကြတာလို့ ကျွန်တော်ထင်တယ်။"

တရုတ်နိုင်ငံသားတွေဟာ တရားဝင်အလုပ် လုပ်ကိုင်ခွင့်မရှိဘဲ သတ္တု၊ ရွှေနဲ့ ကျောက်စိမ်းလုပ်ကွက်တွေမှာလည်း ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့အပြင် ဖရဲ၊ တစ်သျှူးငှက်ပျောစိုက်ခင်းတွေမှာလည်း လုပ်ကိုင်နေတာတွေ ရှိနေတယ်လို့သိရပါတယ်။

ထိုင်းနယ်နိမိတ်နဲ့ ထိစပ်နေတဲ့ မြဝတီမြို့မှာလည်း တရုတ်နိုင်ငံသားတွေက ကာစီနိုလောင်းကစားရုံတွေမှာ ပါဝင်ပတ်သက်တာ၊ တရုတ်တွေ ဝင်ရောက်နေထိုင်မှုများလာပြီး စားသောက်ဆိုင်တွေ ဖွင့်လှစ်ထားတာ၊ မူးယစ် ရမ်းကားတာတွေရှိလာတာကြောင့် မြဝတီမြို့ခံတွေ၊ နိုင်ငံရေးပါတီတွေက ဥပဒေမဲ့နေထိုင်တဲ့ တရုတ်နိုင်ငံ သားတွေကို စာရင်းပြုစုပြီး အစိုးရအကြီးအကဲတွေထံ တင်ပြတိုင်တန်းဖို့အတွက် ပြီးခဲ့တဲ့စက်တင်ဘာလမှာ စတင်စီစဉ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။