တရားမဝင် တရုတ်နိုင်ငံသားတစ်ဦး ဖမ်းမိမှု ကော်မတီဖဲ့ွ စစ်ဆေး


2018.06.26
phakant-market-622.jpg ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်က စည်ပင်သာယာဈေးကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်နယ်မြေမှာ တရားမဝင် ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးရမိထားတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ကာ ဒီကနေ့ စစ်ဆေးနေပါတယ်။

ဒီတရုတ်နိုင်ငံသား ကြိမ်ဖန်များစွာ ဝင်ထွက်သွားလာနေတာမှာ ဘယ်သူတွေ တာဝန်ပျက်ကွက်နေလဲ ဆိုတာ ဖော်ထုတ်ဖို့အတွက် ဖမ်းဆီးရာမှာပါဝင်ခဲ့သူတွေကို အသိသက်သေတွေအဖြစ် မေးမြန်းတာဖြစ်တယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။

"ဘယ်သူတွေမှာ တာဝန်ရှိနေသလဲ။ ဘယ်သူတွေက ထိမ်ချန်နေလဲ။ ဘယ်သူတွေက ပတ်သက်နေလဲ ဆိုတာကိုစစ်တာဗျ။ နိုင်ငံခြားသားတွေ ဒီလို ဝင်ထွက်သွားလာပြီးတော့ မိလိုက်ပြန်လွှတ်လိုက်၊ ပြန်လာ လိုက်ဖြစ်နေတဲ့ကိစ္စတွေမှာ ဘယ်သူတွေက တာဝန်ပျက်ကွက်နေလဲ။ တာဝန်ကျေပြွန်ဖို့ အားနည်းနေလဲ ဆိုတာကို စစ်တာဗျ။ လောလောဆယ်တော့ ကျနော်တို့ကတော့ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ ၈ ယောက်လောက်ပဲ စစ်ရသေးတယ်ဗျ။ ဒါကတော့ သက်သေအနေနဲ့ စစ်တာပေါ့နော်။ ဒီအပေါ် မှာ ပေါ်ပေါက်ချက်အရ တာဝန်ရှိသော ကျနော်တို့ အစိုးရအဖွဲ့ အကြီးအကဲတွေလာရင်တော့ ဒီလိုဖြစ်နေတဲ့ အခြေအနေမှန်ကို နီးစပ်အောင်၊ သိအောင်ပေါ့နော် ကျနော်တို့ကနေပြီးတော့ စုံစမ်းစစ်ဆေးပြီးတော့ တင်ပြမှာပေါ့"

တရုတ်နိုင်ငံသားကို ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့၊ လဝက၊ ဆယ်အိမ်မှူး၊ အိမ်ငှားပိုင်ရှင်နဲ့ ပတ်ဝန်းကျင်က မျက်မြင်သက်သေ စတဲ့ ပုဂ္ဂိုလ် ၈ ဦး ကို အသိသက်သေအဖြစ် မိုးညှင်းခရိုင်အုပ်ချုပ်ရေးရုံးက ဦးဆောင်ပြီး စစ်ဆေးခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က လုံးခင်းရွာထဲမှာ ဖမ်းဆီးရမိတဲ့ အဲဒီ တရုတ်နိုင်ငံသားဟာ ၂၀၁၄ ခုနှစ်ကစပြီး မှတ်ပုံတင်အတု ကိုင်ဆောင်ကာ ကြိမ်ဖန်များစွာ အဝင်အထွက်လုပ်နေတာဖြစ်ကြောင်း သိရပါတယ်။  

အဲဒီတရုတ်နိုင်ငံသားဟာ ယူနန်ပြည်နယ်ကဖြစ်ပြီး လောလောဆယ်မှာ လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁)၊ နိုင်ငံသားစိစစ်ရေးကဒ်အတု ကိုင်ဆောင်မှု စတာတွေနဲ့ ဖားကန့် မြို့မရဲစခန်းမှာ ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဖားကန့်ဒေသဘက်ကို တစ်နှစ်ကျော်ကာလအတွင်း တရားမဝင် ရောက်ရှိခဲ့တဲ့ တရုတ်၊ အိန္ဒိယ နိုင်ငံသားတွေ နဲ့ အနောက်နိုင်ငံသား သတင်းထောက်ဆိုသူ ၂ ယောက် အပါအဝင် စုစုပေါင်း ၁၀ ယောက်ကျော်ကို ဖမ်းဆီးရမိပြီး ဥပဒေအတိုင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်ကနေ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို မြစ်ကြီးနားခရိုင် အတွင်းမှာသာ ၁၃ ညအိပ် လည်ပတ်ခွင့်ပြုထားပြီး၊ တခြားဒေသတွေကို သွားလာခွင့်မပြုဘူးလို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ မေးမြန်းမှုကို အစိုးရတာဝန်ရှိသူတစ်ဦးက ပြည်နယ်လွှတ်တော် မှာ ဖြေကြားထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ တရုတ်နိုင်ငံသားတွေဟာ တရုတ်တစ်သျှူးငှက်ပျော၊ ဖရဲသီး စတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ရွှေ၊ ပယင်း၊ ကျောက်စိမ်း၊ သစ် စတဲ့ သစ်တောထွက်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ပုံစံမျိုးစုံနဲ့ ဝင်ထွက်သွားလာလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။