သတင်းသမားတွေကို ကူညီဖို့ မီဒီယာအဖွဲ့ ဆုံးဖြတ်
2016.06.04
သတင်းမှန်ဖော်ပြမှုကြောင့် တရားရင်ဆိုင်နေရသူတဲ့သူတွေနဲ့ သတင်းဌာနတွေကို IEMA- Independent Ethnic Media Alliance လွတ်လပ်သော တိုင်းရင်းသား မီဒီယာများ မဟာမိတ်က ဥပဒေကြောင်းအရ အကူအညီပေးဖို့ ဒီနေ့ကျင်းပတဲ့ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
ရန်ကုန်စိမ်းလန်းစိုပြည်ဥယျာဉ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာလို့ အဖွဲ့ဥက္ကဌ ဒေါ်မေသြင်္ကန်ဟိန်က ပြောပါတယ်။
"တရားရင်ဆိုင်နေရတဲ့အဖွဲ့တွေကို ဥပဒေကြောင်းဆိုင်ရာအကြံပေးတာတို့၊ ရှေ့နေငှားနိုင်ဖို့အတွက် စီမံထောက်ပံ့ပေးတာတို့ ဒါမျိုးတွေလုပ်ပေးမယ်လို့ ဒီနေ့ပဲဆုံးဖြတ်ကြတယ်"
IEMA မှာ ရှမ်းပြည်နယ်က ပအိုဝ်းနဲ့ တအာင်း၊ ကချင်ပြည်နယ်က ရှမ်းနီ၊ ချင်းပြည်နယ်က ဇိုမီးနဲ့ မွန်ပြည်နယ်၊ မော်လမြိုင်နဲ့ ရခိုင်ပြည်နယ်တွေမျာရှိတဲ့ တိုင်းရင်းသား သတင်းမီဒီယာ ၁၀ ခု ပါဝင်ပါတယ်။ ဒီမီဒီယာတွေဟာ တိုင်းရင်းသားဘာသာနဲ့ ဒေသတွင်း သတင်းတွေကို ဖော်ပြထုတ် ဝေနေပါတယ်။ ဒီလိုဒေသတွင်းက သတင်းမှန်ဖော်ပြတဲ့အတွက် တရားစွဲဆိုခံရတာလို့ ပအို့ဝ်ဘာသာနဲ့ ထုတ်ဝေတဲ့ The People’s Voice ပြည်သူ့အသံဂျာနယ် အယ်ဒီတာချုပ် ခွန်သန်းအောင်က ပြောပါတယ်။
"၂၀၁၂၊ ၄ လပိုင်းတုန်းက ကျင်းပခဲ့တဲ့ ပအိုဝ်းအမျိုးသားခေါင်းဆောင်ရဲ့ ၂၉ နှစ်မွေးနေ့မှာ ပအို့ဝ်ဒေသမှာ ငွေကြေးတွေကောက်တယ်၊ လက်ဖက်ခြောက်တွေကောက်တယ်၊ အဲ့ဒါတွေကောက်တာနဲ့ ပတ်သက်လို့ အဖွဲ့အစည်းရဲ့ စည်းတံဆိပ်ရိုက်ပြီးတော့ အမိန့်စာထုတ်တယ်၊ အဲ့ဒါနဲ့ ပတ်သက် လို့ဆောင်းပါးဖော်ပြသွားတာပေါ့လေ၊ အမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီအတွက်ရော၊ အဖွဲ့အစည်းတွက်ရော၊ ဂုဏ်သိက္ခာထိပါးတယ်ဆိုပြီးတော့ ကျနော်တို့ကို ပုဒ်မ ၅၀၀နဲ့ တရားစွဲတာဖြစ်ပါတယ်"
လွတ်လပ်သော တိုင်းရင်းသားမီဒီယာတွေ ရေရှည်တန်တံ့နိုင်ရေးအတွက် အချင်းချင်း အပြန်အလှန် အကူအညီပေးပြီး လက်တွဲဆောင်ရွက်မယ့် ရည်ရွယ်ချက်နဲ့ IEMA ကို မနှစ်က မတ်လ ၁၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ Facebook ကို ဒီလ ၁၅ ရက်နေ့မှာ စတင်မယ် လို့ ဒေါ်မေသြင်္ကန်ဟိန်က ပြောပါတယ်။