တစ်လအတွင်း နိုင်ငံတစ်ဝန်း ဒုက္ခသည်ဦးရေ သုံးသောင်းကျော်တိုးလာ

RFA Burmese
2023.10.02
တစ်လအတွင်း နိုင်ငံတစ်ဝန်း ဒုက္ခသည်ဦးရေ သုံးသောင်းကျော်တိုးလာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသောင်းကျော် တိုးလာတယ်လို့ အောက်တိုဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA- Myanmar)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပဲခူးတိုင်းအရှေ့ခြမ်းဟာ နေရပ်စွန့်ခွာသူ အများဆုံးအနေနဲ့ ၁၅,၉ဝဝ ဦး၊ မကွေးတိုင်းက ၁ဝ,၈ဝဝ ဦး၊ စစ်ကိုင်းတိုင်းမှာ ၃ဝဝ ဦး၊ ကရင်ပြည်နယ်မှာ ၂ဝဝ ဦး၊ ကယားမှာ ၂ဝဝ ဦး၊ တနင်္သာရီမှာ ၇,ဝဝဝ၊ ချင်းပြည်နယ်မှာ ၁,၁ဝဝ ဦးနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ၈ဝဝ ဦး စုစုပေါင်း ၃၆,၃ဝဝ ဦး တိုးလာတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ချက်မှာ နိုင်ငံတစ်ဝန်းမှာ ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သား ၁.၉ သန်းကျော် ရှိခဲ့ပြီး ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ နှစ်သန်းနီးပါးလို့ ရေးသားဖော်ပြထားပါတယ်။

လူဦးရေ နှစ်သန်းနီးပါးဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာနေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေတယ်လို့ UNOCHA က ဆိုပါတယ်။

အဲဒီအထဲက ၁.၈သန်းကျော်ကို အခုနှစ် ပထမခြောက်လအတွင်းမှာပဲ ပြည်တွင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အကူအညီပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကို ဝင်ရောက်ကူညီခွင့်နဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အကန့်အသတ် တွေကြောင့် ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ နှောင့်နှေးစေတဲ့အတွက် စစ်ဘေးဒဏ်ခံရသူတွေနဲ့ နေရပ်စွန့်ခွာသူတွေ ဒုက္ခတွေ့နေရတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁.၇ သန်းနီးပါး ရှိနေပြီး အာဏာမသိမ်းခင်က အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာသူ နှစ်သန်းနီးပါး ရှိလာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။