ရိုဟင်ဂျာအမှု ဂမ်ဘီယာရဲ့လျှောက်လဲချက် ဒီနေ့တင်သွင်းမည်

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှု ကြားနာစစ်ဆေးမှုကို ဒုတိယနေ့အဖြစ် ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်တွေကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ ဒီနေ့တင်ပြမှာပါ။
ဒီအမှုကို အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တာဖြစ်ပြီး နိုင်ငံအနေနဲ့ပဲ အခြားတစ်နိုင်ငံကို တရားစွဲဆိုခွင့် ရှိတဲ့အတွက် ICJ တရားရုံးအနေနဲ့ စစ်ဆေးစီရင်ခွင့် မရှိကြောင်း မြန်မာဘက်က ရှေ့နေတွေက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကြားနာစစ်ဆေးမှုမှာ လျှောက်လဲချက်ပေးခဲ့ပါတယ်။
ဒီနေ့ပြုလုပ်မယ့် ကြားနာစစ်ဆေးမှုအတွင်းမှာတော့ မြန်မာနိုင်ငံဘက်က တင်ပြချက်တွေကို ဂမ်ဘီယာနိုင်ငံဘက်က ပြန်လည်ချေပ လျှောက်လဲရမှာ ဖြစ်ပါတယ်။
အခုပြုလုပ်နေတဲ့ ကြားနာစစ်ဆေးမှုတွေအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ နှစ်ဖက်လုံးက မြန်မာနိုင်ငံကို ကိုယ်စားပြု လျှောက်လဲခွင့်ရဖို့ တောင်းဆိုခဲ့ပြီး၊ ICJ ရဲ့ ဥက္ကဋ္ဌ တရားသူကြီး ဂျုန်း ဒေါ်နိုဟျူးက စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ အဖွဲ့ကို ကိုယ်စားပြု လျှောက်လဲခွင့်ပေးခဲ့ပါတယ်။
လေးရက်ကြာ ပြုလုပ်မယ့် ICJ တရားရုံးရဲ့ ရိုဟင်ဂျာအမှု ဒုတိယအကြိမ် ကြားနာစစ်ဆေးမှုတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့နဲ့ လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွေမှာ မြန်မာဘက်က လျှောက်လဲချက်ပေးမှာ ဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွေမှာ ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲမှာ ဖြစ်ပါတယ်။