ရိုဟင်ဂျာအရေး ဆက်လုပ်သွားမယ်လို့ ကုလမှာ ဂမ်ဘီယာပြော

ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဂမ်ဘီယာသမ္မတ အဒါမာ ဘာရိုးက ဒီကနေ့ ကုလသမဂ္ဂညီလာခံကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောလိုက်ပါတယ်။
ရိုဟင်ဂျာတွေရဲ့ အကြပ်အတည်းဟာ ဂမ်ဘီယာနိုင်ငံအတွက် ကြီးလေးတဲ့ ကိစ္စတစ်ခုအဖြစ် ရှိနေဆဲဖြစ်သလို၊ မြန်မာအစိုးရ အနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ချမှတ်ထားတဲ့ စီရင်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့လိုကြောင်း သမ္မတ အဒါမာ ဘာရိုးကပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် ပုံစံမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတာရပ်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံကို ဂမ်ဘီယာက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုဖွင့်ထားပါတယ်။
အဲ့ဒီအမှုကို စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG တို့က တရားရင်ဆိုင်ဖို့ အပြိုင်တင်သွင်းခဲ့ပေမယ့် တရားရုံးက စစ်ကောင်စီကို ဖြေရှင်းခွင့်ပေးထားပါတယ်။
ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုကို ICJ အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း စစ်ကောင်စီဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက် (၄) ခုစလုံးကို တရားရုံးက ပယ်ချထားပြီး၊ အဲ့ဒီအမှုကို ဆက်လက် ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ထားပါတယ်။