မြန်မာအရေး ICG စိုးရိမ်
2013.10.02
မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုုးရးအသွင်ဆောင်တဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေကို ထိထိရောက်ရောက် အရေးယူမဆောင်ရွက်နိုင်ဘူးဆိုရင်၊ ပြဿနာ ပိုမိုကြီးထွားကျယ်ပြန့်လာပြီး၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ထိခိုက်လာနိုင်တယ်လို့ ICG ခေါ် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ဆိုလိုက်ပါတယ်။
အကြမ်းဖက်မှုတွေကို အစိုးရက ထိထိရောက်ရောက် မဆောင်ရွက်နိုင်မှုမရှိမချင်း၊ လူ့အဖွဲ့အစည်းအတွင်း ခံယူချက်သဘောထားတွေကို မပြောင်းလဲနိုင်သရွေ့၊ အကြမ်းဖက်မှုတွေ ဆက်လက်ကျယ်ပြန့်သွားနိုင်ပြီး၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ထိခိုက်နိုင်တဲ့အပြင်၊ ဒေသတွင်းနဲ့ နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံရဲ့ ရပ်တည်မှုအပေါ် သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ICG ရဲ့ အာရှရေးရာ အစီအစဉ် ညွှန်ကြားရေးမှူး Jim Della- Glacoma က အခုလို သမိုင်းဝင် ပြုပြင်ပြောင်းလဲ ပွင့်လင်းလာနေတဲ့ အခါသမယမှာ မြန်မာနိုင်ငံ အခြေအနေဟာ တယူသန်စိတ်ထားတွေ၊ သည်းခံနိုင်စွမ်းမရှိတာတွေရဲ့ဓားစာခံဘဝ အရောက်ခံနိုင်မှာမဟုတ်ပါဘူး၊ အမုန်းတရား ပျံ့ပွားအောင် လှုံ့ဆော်နေသူတွေကို လွှတ်ထားလို့ မဖြစ်ပါဘူးလို့ ပြောဆိုပါတယ်။
အာဏာရှင်စနစ်အောက် နှစ်ပေါင်းများစွာ အောင့်အီးချုပ်တည်းလာခဲ့ရတဲ့ နာကျည်းခံပြင်းမှုတွေနဲ့ ဘာသာရေး အရေခြုံ နိုင်ငံရေးအင်အားစုတွေရဲ့ လှုံ့ဆော်မှုတွေ ပေါင်းစည်းမိပြီး၊ မွတ်ဆလင်တွေ ပစ်မှတ်ဖြစ်လာတာဟာ စိုးရိမ်စရာအခြေအနေ ဖြစ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။