စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကာကွယ်ပေးဖို့ HURFOM တောင်းဆို

RFA Burmese
2024.06.26
စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကာကွယ်ပေးဖို့ HURFOM တောင်းဆို ကရင်ပြည်နယ်၊ မြဝတီမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း တိမ်းရှောင်ရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဥ်။
Telegram/ Arakan Princess Media

စစ်ကောင်စီက မြန်မာနိုင်ငံတောင်ပိုင်းဒေသက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို လူ့အခွင့်အရေးချိုးဖောက်နေတာကို ကာကွယ်ပေးဖို့ လိုအပ်နေကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးနဲ့မညီဘဲ အမျိုးသမီးတွေအပေါ် ကျူးလွန်နေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုတာလို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ရဲ့ ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောပါတယ်။

“စစ်ရေး ပဋိပက္ခအတွင်းမှာ အမျိုးသမီးတွေ အသက်ဆုံးရှုံးကြရတယ်။ ထိခိုက်ဒဏ်ရာရပြီးတော့ တချို့ဆိုရင် ဒုက္ခိတအနေအထားဖြစ်သွားတာရှိတယ်။ ပြီးရင်မတရားဖမ်းဆီးခံထားရတာတွေရှိပါတယ်။ တောင်းဆိုချင်တာက ဒီပဋိပက္ခဖြစ်နေတဲ့ကာလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီက အများဆုံးချိုးဖောက်နေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့ အစဉ်တစိုက်တောင်းဆိုတာတွေရှိတယ်”

မြန်မာနိုင်ငံတောင်ပိုင်းက မြို့နယ်တွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ၂၀၂၄ ခုနှစ် မတ်လကနေ မေလအထိ သုံးလတာကာလအတွင်း HURFOM က စစ်တမ်းကောက်ယူခဲ့ရာမှာ စစ်ကောင်စီကြောင့် ထိခိုက်သေဆုံးရတဲ့ အမျိုးသမီး ၁၅ ဦး၊ ဒဏ်ရာရရှိသူ ၂၀ ဦးကျော်၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀ ဦး ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းက မွန်ပြည်နယ် ၁၀ မြို့နယ်၊ ကရင်ပြည်နယ်က လေးမြို့နယ်နဲ့ တနင်္သာရီတိုင်းအတွင်းက လေးမြို့နယ်အပါအဝင် စုစုပေါင်း ၁၈ မြို့နယ်မှာ HURFOM က စစ်တမ်းကောက်ယူခဲ့တာပါ။

အဲဒီစစ်တမ်းတွေအရ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူတွေထိခိုက်သေဆုံးမှုတွေနဲ့ ကြုံနေရတယ်လို့လည်း ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီဟာ စစ်သားစုဆောင်းမှုတွေကို အရှိန်မြှင့်လာနေပြီး အမျိုးသမီးတွေကိုပါ စစ်မှုထမ်းရမယ့် အခြေအနေကနေ ကာကွယ်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

HURFOM ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။