မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းကြောင်း NUG ထုတ်ပြန်

RFA Burmese
2025.02.13
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းကြောင်း NUG ထုတ်ပြန် ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ရုံးချုပ်။
Photo: Myanmar National Human Right Commission

စစ်ကောင်စီက ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထပ်မံဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိမှတ်မပြုကြောင်းနဲ့ ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

ဒီကော်မရှင်ဟာ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အပြင် ပဲရစ်အခြေခံမူတွေနဲ့ မကိုက်ညီဘဲ စစ်ကောင်စီအလိုကျ ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်းတွေနဲ့ ထပ်မံဖွဲ့စည်းထားတာကြောင့် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့လည်း NUG က ပြောပါတယ်။ 

ဒါ့အပြင် လူအခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြည်သူတွေဘက်ကို ရပ်တည်ထုတ်ဖော်ပြောကြားတာမရှိဘဲ စစ်ကောင်စီရဲ့ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တာတွေကို ရေငုံနှုတ်ဆိတ်နေခဲ့တယ်လို့ ရေးသားထားပါတယ်။

အမျိုးသားလူ့အခွင့်အရေး အင်စတီကျုရဲ့ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့ Global Alliance of National Human Rights Institute (GANHRI) ကလည်း ပဲရစ်အခြေခံမူတွေနဲ့ မကိုက်ညီတာကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်အဖြစ်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ကောင်စီက ထပ်မံဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်ပြု လက်ခံတွေ့ဆုံတာ၊ အစည်းအဝေး ဖိတ်ကြားတာတွေ မလုပ်ဖို့ NUG က တိုက်တွန်းထားပါတယ်။ 

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ကိုးဦးနဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။