အစာငတ်ခံ ဆန္ဒပြသူတွေအရေး လူ့အခွင့်အရေးအဖွဲ့ စိုးရိမ်
2011.11.04

(Photo: AFP)
ဆန္ဒပြသူတွေ ရေဓာတ်ခန်းခြောက်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ ဒီကိစ္စအတွက် အကျဉ်းထောင် အာဏာပိုင်တွေမှာ တာဝန်ရှိကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အစာငတ်ခံ ဆန္ဒပြသူ ၈ ဦးကို စစ်ခွေးတိုက်လို့ခေါ်တဲ့ အလုံပိတ် တိုက်ခန်းတွေမှာ အိပ်ရာတွေ ဖျာတွေ မပေးဘဲ ပိတ်လှောင် ထားတယ်လို့ ရထားတဲ့ သတင်းတွေက ဆိုပါတယ်။
ဆန္ဒပြသူတွေကို အခုလို သောက်ရေမပေးဘဲ ထားတာဟာ ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ အကျဉ်းသားတွေကို ဆက်ဆံရမယ့် အနိမ့်ဆုံးအဆင့် သတ်မှတ်ချက်တွေကို ချိုးဖောက်ရာ ရောက်သလို ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ “လူသားတိုင်း အသက်ရှင်သန်ခွင့် ရှိရမယ်” ဆိုတဲ့ အခြေခံ လူ့အခွင့်အရေးကိုလည်း ချိုးဖောက်နေတာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာလည်း နိုင်ငံရေး အကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြကြတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့တယ်လို့ လူရွှင်တော် ကိုဇာဂနာက အာအက်ဖ်အေကို အခုလို ပြောပြပါတယ်။
“ကိုကြီးနဲ့ကိုအာကာဗိုလ်တို့က သေသေချာချာ ရှင်းပြကြပါတယ်။ ဥပမာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံထားရသူတွေဟာ ဥပဒေအရ ရရမယ့် လျှော့ရက် မရတဲ့အတွက် အစာငတ်ခံ ဆန္ဒပြနေတယ် ဆိုတာကိုပေါ့”
Amnesty International က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထောင်ဒဏ် ၆၃နှစ် ကျခံနေရတဲ့ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာ အရှင်ဂမ္ဘီရဟာ အကျဉ်းထောင်တွင်း နှိပ်စက် ညှဉ်းပန်းမှု ဒဏ်ကြောင့် ဆေးရုံတင် ကုသပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ မိသားစုဝင်တွေ ပြောပြချက်အရ သိရကြောင်းလည်း ဖော်ပြထားပါတယ်။