လူကုန်ကူးမှု အိုင်အယ်လ်အို တင်ပြ
2011.07.18

RFA
တောင်ကုတ်မြို့နေ ဦးထွန်းရီနဲ့ သမက်ဖြစ်သူ ကိုစွမ်းဆောင် တို့ကို အိမ်နီးချင်း အလုပ် ပွဲစားတဦးက ထိုင်းနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေပေးဖို့ အကျိုးဆောင်ခ အဖြစ် တဦး အတွက် ကျပ် ၆ သိန်းစီယူပြီး အခုနှစ် မတ်လအတွင်း ခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် သူတို့ နှစ်ဦးစလုံးဟာ ထိုင်းနိုင်ငံကို ရောက်ရှိပြီး မကြာခင်မှာပဲ ပင်လယ် ငါးဖမ်း လုပ်ငန်းမှာ ရောင်းစား ခံရပြီးနောက် လစာ တပြားတချပ်မှ မရတဲ့ ပင်လယ်ထဲမှာ ငါးဖမ်းနေကြရတာ ငါးလ ရှိသွားပြီ ဖြစ်ကြောင်း၊ ရမည့်ငွေကို ပြပေမဲ့ ရောင်းစားတဲ့သူက ယူသွားပြီ ဆိုပြီး ပြန်သိမ်းသွားခဲ့ကြောင်း၊ ဒါ့ကြောင့် အခုလို အိုင်အယ်လ်အိုမှာ သွားရောက် တိုင်ကြားရတာ ဖြစ်တယ်လို့ ဦးထွန်းရီရဲ့ ဇနီး ဒေါ်ခင်ဝင်းက ပြောပါတယ်။
အလုပ်ရှာပေးတဲ့ အိမ်နီးချင်း ပွဲစားဟာ လောလောဆယ် ထိုင်းနိုင်ငံမှာ ရှိနေဆဲဖြစ်ပြီး၊ ဦးထွန်းရီနဲ့ ကိုစွမ်းဆောင်တို့ကို တံငါလုပ်ငန်းကနေ ပြန်ရွေးမယ်ဆိုရင် တဦးအတွက် ငွေ ၁၁ သိန်းစီ ပေးဖို့ ဆက်သွယ် တောင်းဆိုထားတယ်လို့ ဒေါ်ခင်ဝင်းက ပြောပါတယ်။
တောင်ကုတ်မြို့နယ်မှာ အခုနှစ် အတွင်း ထိုင်းနိုင်ငံက တံငါလုပ်ငန်းတွေ အတွက် လူပွဲစားက တဆင့် ရောင်းစားခံရသူ ၁၀၀ လောက် ရှိသွားပြီလို့ သိရပါတယ်။