ငါးလအတွင်း အကူအညီလိုအပ်သူ နှစ်သန်းကျော် တိုးလာ
2023.03.22

မြန်မာနိုင်ငံမှာ ငါးလအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသူ ၂.၄ သန်းကျော် တိုးလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။
မတ်လ ၂၀ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ မိတ်ဆက်ပွဲမှာ မြန်မာနိုင်ငံသား ၁၇.၆ သန်းလောက် လူသားချင်းစာနာမှုအကူအညီတွေ အထူးလိုအပ်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြခဲ့တာပါ။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ တင်ပြတဲ့ အစီရင်ခံစာအရ မြန်မာပြည်သူ ၁၅.၂ သန်းကျော် အကူအညီလိုအပ်နေတယ်လို့ ဖော်ပြထားတဲ့အတွက် ငါးလအတွင်း အကူအညီလိုအပ်သူ နှစ်သန်းခွဲလောက်အထိ တိုးလာတာဖြစ်ပါတယ်။
“ဒီအခြေအနေတွေကြောင့် လူပေါင်းများစွာ၊ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ လူကုန်ကူးမှုအန္တရာယ် ကြုံတွေ့နိုင်တဲ့ စိုးရိမ်စရာအခြေအနေကို ရောက်ရှိနေပြီး တချို့က လူကုန်ကူးမှုသားကောင်တွေ ဖြစ်နေကြတယ်” လို့ ဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ငါးလက နေရပ်စွန့်ခွာထွက်ပြေးရသူ ၁.၄ သန်းကျော် ရှိခဲ့ရာကနေ အခုလမှာ ၁.၆ သန်းအထိ ရှိလာတယ်လို့ ဆိုတဲ့အတွက် ငါးလအတွင်း ဒုက္ခသည်အရေအတွက် နှစ်သိန်းကျော် တိုးလာတာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံလူဦးရေရဲ့ တစ်ဝက်နီးပါးဟာ ဆင်းရဲနွမ်းပါးမှုသတ်မှတ်ချက်အောက်ကို ရောက်နေပြီလို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။