မြန်မာအတွက် စတာလင်ပေါင်သန်း ၃ဝ ကျော် ဗြိတိန် ကူညီမည်
2023.07.18

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေအတွက် စတာလင်ပေါင် သန်း ၃ဝ ကျော် ထောက်ပံ့ကူညီသွားမယ်လို့ ဗြိတိန်အစိုးရက ဇူလိုင် ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗြိတိန်-မြန်မာ မိတ်ဖက်အဖြစ် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။
ဗြိတိန်အစိုးရက လူသားချင်းစာနာမှု အကူအညီပေးရေး၊ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု၊ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်တွေမှာ သုံးစွဲသွားမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်း လျော့နည်းဖို့၊ အာဆီယံဦးဆောင်ပါဝင်တဲ့ ဖြေရှင်းနည်းတွေ လုပ်ဆောင်နိုင်ဖို့၊ အကြမ်းဖက်မှုအဆုံးသတ်ဖို့၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ တည်ဆောက်နိုင်ဖို့ အပါအဝင် ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှုရေးရရှိစေဖို့ ပံ့ပိုးကူညီပေးနေတာ ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူတွေအရေးအတွက် အကျိုးသက်ရောက်မှုရှိနိုင်အောင် ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဗြိတိန်အစိုးရဟာ ၂ဝ၁၇ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအတွက် စတာလင်ပေါင် သန်း ၃၀ နီးပါးနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအတွက် စတာလင်ပေါင် သန်း ၃၅၀ ကျော် ထောက်ပံ့ကူညီထားပါတယ်။