မြန်မာကိုတရားစွဲဖို့ ပြင်ဆင်ရေးအဖွဲ့ ထူထောင်ရန် UNHRC ဆုံးဖြတ်


2018.09.27
human-rights-council-622 ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးခန်းမ။
(UN Photo/Elma Okic)

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို တရားဥပဒေကြောင်းအရ စွဲချက်တင်ရေး ပြင်ဆင်တဲ့အနေနဲ့ သက်သေအထောက်အထားတွေ စုဆောင်းထိန်းသိမ်း လေ့လာစိစစ်မယ့် အဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council) က စက်တင်ဘာလ ၂၇ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ၂ဝ၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေအချက်အလက်တွေကို လွတ်လပ်စွာ စုဆောင်းစိစစ်မယ့် အဲဒီအဖွဲ့ ဖွဲ့စည်းရေးအတွက် မဲခွဲဆုံးဖြတ်ရာမှာ UNHRC အဖွဲ့ဝင်နိုင်ငံ ၄၇ နိုင်ငံရှိတဲ့အနက် ၃၅ နိုင်ငံက ထောက်ခံခဲ့ပြီး တရုတ်၊ ဖိလစ်ပိုင်နဲ့ ဘရွန်းဒီ နိုင်ငံ ၃ ခုက ကန့်ကွက်ခဲ့ပါတယ်။ ကျန်တဲ့နိုင်ငံတွေက ကြားနေ သို့မဟုတ် ပျက်ကွက်ဖြစ်ပါတယ်။

အခုလိုဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်မူကြမ်းကို EU ဥရောပနိုင်ငံများအဖွဲ့နဲ့ OIC အစ္စလာမ္မာစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးတွဲရေးသားခဲ့တာဖြစ်ပြီး၊  မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုအတွက် တာဝန်ရှိသူတွေကို နိုင်ငံအဆင့်၊ ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့်တရားရုံး သို့မဟုတ် ခုံရုံးတွေ ဖွဲ့စည်းစစ်ဆေးတဲ့အခါ လွယ်ကူမြန်ဆန်ရေးအတွက် အထောက်အကူပြုဖို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီအဖွဲ့ ဖွဲ့စည်းမယ့် ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးကောင်စီ UNHRC က ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့ပြီး အတည်ပြုချက်ရယူဖို့ လိုအပ်ပါတယ်။

ဂျီနီဗာမြို့မှာရှိတဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက... ဒီဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို အခြေခံပြီး ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်၊ အဲဒီအစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေဟာ အတည်မပြုနိုင်တဲ့ စွပ်စွဲချက်တွေသာဖြစ်ပြီး မိမိတို့ တိုင်းပြည်ရဲ့ စည်လုံးညီညွတ်ရေးကို ထိခိုက်နိုင်တယ်... လို့ ပြောပါတယ်။

ဒါ့အပြင်... ဒီဆုံးဖြတ်ချက်မှာပါဝင်တဲ့ အသုံးအနှုန်းတွေနဲ့ တောင်းဆိုချက်တွေဟာ ရခိုင်ပြည်နယ်က ပြသနာတွေနဲ့ ပတ်သက်ပြီး ရေရှည်တည်တံ့မယ့် အဖြေရှာရေးအတွက် အထောက်အပံ့လည်း ဖြစ်မှာမဟုတ်ပါဘူး... လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC က အခုလို အချက်အလက် စုဆောင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာကို Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။