ထီးလင်းမြို့နယ်မှာ ဒေသခံငါးဦးကို စစ်ကောင်စီတပ်တွေ သတ်ဖြတ်

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.03.21
ထီးလင်းမြို့နယ်မှာ ဒေသခံငါးဦးကို စစ်ကောင်စီတပ်တွေ သတ်ဖြတ် စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် ထီးလင်းဒေသခံတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း ထီးလင်းမြို့နယ် ရွှေခုံတိုင်၊ ထိန်တိုင်းနဲ့ ဆေးမင်းတောရွာတွေကို စစ်ကောင်စီတပ်မ ၇၇ နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်လာပြီးနောက် ဒေသခံငါးဦးကို သတ်ဖြတ်သွားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံကိုဘုန်းက RFA ကို ပြောပါတယ်။

မတ်လ ၁၃ ရက်မှာ ပခုက္ကူမြို့ကနေ စစ်ကား ၃၂ စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ထီးလင်း-ဂန့်ဂေါလမ်းဘေးက ရွှေခုံတိုင်ကျေးရွာကို ဝင်ရောက်မီးရှို့ပြီး ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုနှစ်ဦးကို မီးရှို့သတ်ဖြတ်သွားတယ်လို့ ပြောပါတယ်။

မီးရှို့အသတ်ခံရသူ နှစ်ဦးဟာ ရွှေခုံတိုင်ကျေးရွာက အသက် ၈၀ ကျော်အရွယ် မျက်မမြင်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ပုနဲ့ ထိန်တိုင်းကျေးရွာက အသက် ၇၀ ကျော်အရွယ် ဦးကားကျော် ဖြစ်ပါတယ်။

ဒါ့အပြင် ထိန်တိုင်းကျေးရွာက အသက် ၅၅ နှစ်ရွယ် ဦးသန်းထွေးဆိုသူ စိတ်ဝေဒနာသည်တစ်ဦးကိုလည်း ပစ်သတ်သွားတယ်လို့ ကိုဘုန်းက ပြောပါတယ်။

အလားတူ ဆေးမင်းတောကျေးရွာက ဒေသခံနှစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ Yaw Revolution Army-ထီးလင်း အဖွဲ့က သခင်ဇော်က ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း သူတို့တပ်က တပ်ခွဲမှူးတစ်ဦး ကျဆုံးပြီး၊ နှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ဆေးမင်းတောကျေးရွာက စစ်ဘေးရှောင် ၁၀ တန်းကျောင်းသားတစ်ဦး လက်ပြန်ကြိုးတုပ်လျက်နဲ့ ဦးခေါင်းကို ပစ်သတ်ခံထားရတာ တွေ့ရပြီး၊ ဘယ်အဖွဲ့ရဲ့လက်ချက်လဲ ဆိုတာကို စုံစမ်းနေတုန်းပဲလို့ သခင်ဇော်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ထီးလင်းဒေသခံတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒေသခံအတော်များများ စစ်ဘေးရှောင်တိမ်းနေတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။

မကွေးတိုင်း စစ်ကောင်စီပြောခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်းပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီတပ်မ ၇၇ ပူးပေါင်းတပ်တွေနဲ့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅၊ ၁၆၊ ၁၇ နဲ့ Yaw Revolution Army-ထီးလင်း မဟာမိတ်ပူးပေါင်းတပ်တွေအကြား မတ်လ ၁၅ ရက်နေ့ကနေ ၁၈ နေ့အထိ ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာ ရှိတယ်လို့လည်း သခင်ဇော်က ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မကွေးတိုင်း ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနဲ့ ဂန့်ဂေါမြို့နယ်တွေကို စစ်ကောင်စီက မြေပြင်ရော ဝေဟင်ကနေပါ စစ်ဆင်ရေးအရှိန်မြှင့်နေတယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေက RFA ကို မတ်လ ၂၀ ရက်နေ့က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။