ထီးချိုင့်နဲ့ အင်းတော်ကို စစ်ကြောင်းဝင်လာလို့ ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ
2022.12.17

စစ်ကိုင်းတိုင်း၊ ထီးချိုင့်နဲ့ အင်းတော်မြို့နယ်တွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်း ထိုးနေတာကြောင့် ရွာပေါင်း ခုနစ်ရွာက ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁၆ ရက် မနေ့က ထီးချိုင့်မြို့နယ် အလယ်တောနဲ့ အင်ကြင်းကုန်းရွာ အပါအဝင် ရွာပေါင်းလေးရွာကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ထွက်ပြေးနေရတယ်လို့ ထီးချိုင့်ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။
“ထီးချိုင့်မှာရှိတဲ့ စစ်ကြောင်းက အလယ်တောနဲ့ အင်ကြင်းကုန်းမှာ ကသာဘက်က လာတဲ့စစ်ကြောင်းက ရေဝရွာမှာ ထီးချိုင့်နဲ့အင်းတော် အစပ်မှာလည်း စစ်ကြောင်း တစ်ခု ရှိတယ်။ ထီးချိုင့်ဘက်ထဲဝင်နေတဲ့ စစ်ကြောင်းက မီးမရှို့သေးဘူး။ အင်းတော်ဘက်မှာတော့ မီးရှို့နေတယ်။ အရှေ့က စစ်ကြောင်းတစ်ခုသွားရင် အနောက်က စစ်ကြောင်းတစ်ခု လိုက်လာတာ။ ဒေသခံတွေက ရွာနားမကပ်ကြတော့ဘူး။ တောထဲတွေ၊ လယ်ခင်းယာခင်းတွေ ထဲမှာပဲ နေကြတော့တာ ”
စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ထီးချိုင့်နဲ့ အင်းတော်မြို့နယ် အစပ်က ရွာတွေထဲ စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာလို့ သူကဆက်ပြောပါတယ်။
ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ မနက်ပိုင်းမှာလည်း အင်းတော်မြို့နယ်ထဲက ဂျုံးဂျုံးကျနဲ့ ရွာမရွာကို မီးရှို့ခဲ့လို့ နေအိမ် ၁၁ လုံးမီးလောင်ပျက်စီးခဲ့ပြီး အနီးနားက ရွာနှစ်ရွာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အင်းတော်ဒေသခံတွေက RFA ကိုပြောပါတယ်။
ဂျုံးဂျုံးကျရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ် အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်ပြီးချိန်ကစလို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၆,၅၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။