ထီးချိုင့်က စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ကျန်းမာရေးအကူအညီလိုနေ

RFA Burmese
2022.12.11
ထီးချိုင့်က စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ကျန်းမာရေးအကူအညီလိုနေ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် တည်တောရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Tigyaing Revolution - TR

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ နိုဝင်ဘာလ နောက်ဆုံးအပတ်စပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်တာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ရွာ ၁၅ ရွာက ဒေသခံတစ်သောင်းကျော်ဟာ နေမကောင်း၊ ဖျားနာတာတွေ ဖြစ်နေပြီး ဆေးဝါးတွေ လိုအပ်နေတယ်လို့ ထီးချိုင့်ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေထဲက သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အများဆုံးဖြစ်နေပြီး ဆေးဝါးသယ်ယူခွင့်လည်း မရတာကြောင့် ဆေးကုသဖို့ ခက်ခဲနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ တစ်မိသားစုကို တစ်ဦးနှစ်ဦးလောက်က ဖျားတယ်။ ချောင်းဆိုးတယ်။ အဲလိုတွေဖြစ်နေကြတာ။ မသွားနိုင် မလာနိုင်တဲ့ သက်ကြီးပိုင်းနဲ့ ကလေးတွေ ဖြစ်တာများတယ်။ စစ်ကြောင်းကလည်းဝင်နေကြတော့ ရွာတွေမပြန်ဘဲ အင်းတဲတွေနဲ့ ဘာသာရေးကျောင်းတွေမှာ စုပြီးတော့နေကြရတာ။ ဆေးကုပေးဖို့ကြတော့လည်း စစ်ဘေးရှောင်တဲ့ သူတွေက ပြန့်နေတော့ အားလုံးကို ကုပေးဖို့အဆင်မပြေဘူး။ ဆေးမှူး (ကျန်းမာရေးမှူး)နဲ့ နီးတဲ့သူတွေကျတော့ ကုလို့ရတယ်။ ဒါပေမဲ့ ဆေးဝါးက အခက်အခဲ ရှိနေတယ်။ ရေရှည်အဲဒီလို ဖြစ်လာရင် ဆေးဝါးတွေလည်း ပြတ်လပ်တော့မှာ”

လက်ရှိ စစ်ကောင်စီတပ်တွေ ထီးချိုင့်မြို့နဲ့ ရွာချင်းဆက်လမ်းတွေပေါ်မှာ နေရာယူထားလို့ ဆေးဝါးသယ်ယူခွင့် အခက်အခဲတွေရှိနေသလို စစ်ကောင်စီတပ်ရဲ့ ဂိတ်တွေကိုလည်း မဖြတ်ရဲကြဘူးလို့ သူကဆက်ပြောပါတယ်။

ဒီဇင်ဘာလ ၁၀ ရက် မနေ့ကလည်း ပေါက်ပင်ကွေ့၊ ပိန်းနဲကုန်းနဲ့ ရေဝ ရွာတွေကို မီးရှို့ခံရတာကြောင့် ၃ ရွာပေါင်း နေအိမ် ၂၀၀ နီးပါး မီးလောက်ပျက်စီးခဲ့တယ်လို့ ထီးချိုင့်ဒေသခံတွေက RFA ကိုပြောပါတယ်။

ဆေးဝါးတွေ သယ်ယူခွင့်မရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက် အရ စစ်တပ်အာဏာသိမ်ပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၆,၅၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။