ထန်တလန်မှာ ဗုံးသီးပေါက်ကွဲမှု တစ်ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

ချင်းပြည်နယ် ထန်တလန်မြို့မှာ ဩဂုတ် ၂၇ ရက် ဒီနေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးကိုအိမ်ပြင်ကို ထုတ်ကြည့် ရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ လူတစ်ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အကူ အညီပေးနေသူတွေက RFA ကို ဒီနေ့ညနေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို ထန်တလန်ဆေးရုံကို ပို့ဆောင်ထားရပြီး အဲဒီအထဲက ဒဏ်ရာပြင်းထန်သူအချို့ကို ဟားခါးပြည်သူ့ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်လိုက်ရတယ်လို့လည်း ပြောပါတယ်။
ထန်တလန်မြို့ ရဲစခန်းအနီးမှာ သြဂုတ်လ ၂၅ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထန်တလန် CDF အဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ကဖြစ်စဉ်မှာ အိမ်တစ်အိမ်ကိုကျရောက်လာတဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ မပေါက်ကွဲဘဲ ရှိနေရာကနေ ဒီနေ့နေ့လယ်က အိမ်အပြင်ကို ထုတ်ကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူဟာ အသက် ၄၀ အရွယ် အိမ်ရှင် ဦးဟရဲဘိခ့် ဖြစ်ပြီး လက်နက်ကြီးကျလို့ ပျက်စီးသွားတဲ့ သူ့ရဲ့နေအိမ်ကို ပြန်လည်ပြုပြင်ချိန်မှာ အဲဒီဗုံးသီးကို တွေ့ရှိခဲ့တာလို့ ပြောပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့က ရဲစခန်းအနီးဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ CDF အဖွဲ့တို့အကြား ပစ်ခတ် မှုဖြစ်ချိန်မှာ အသက် ၁၀ နှစ်အရွယ် မောင်ဗန်ဘွေထန်ဟာ နေအိမ်မှာ ပုန်းနေရာကနေ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတစ်လုံး အနီးမှာကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးအစထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။