မြန်မာအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေးကိစ္စ ထောက်ခံဖို့ အင်ဒိုနီးရှားကို HRW တိုက်တွန်း

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကိစ္စကို အင်ဒိုနီးရှား အစိုးရ အနေနဲ့ လူသိရှင်ကြား ထောက်ခံသင့်ကြောင်း Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

2010.10.16
indonesia_rights_asean_305_Z အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့တော်ရှိ အာဆီယံ အတွင်းရေးမှူးအဖွဲ့ရုံး အဆောက်အအုံရှေ့တွင် မတ်လ ၂၉ ရက်က အာဆီယံ အစိုးရအဖွဲ့များ၏ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေး ကျင်းပနေစဉ် အရှေ့တောင် အာရှနိုင်ငံများမှ လူမှုအဖွဲ့အစည်း ၆၉ ခု ပေါင်းစည်းကာ အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလိပိုင်နိုင်ငံတို့မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

HRW အဖွဲ့ အာရှဌာနခွဲရဲ့ လက်ထောက်ညွှန်ကြားရေးမှူးက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို မနေ့က ပေးပို့တဲ့စာမှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ ဆိုးဝါးတဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ် အရေးယူရေးအတွက် အင်ဒိုနီးရှားအနေနဲ့ ကျန်တဲ့ အာရှ နိုင်ငံတွေကို ဦးဆောင်ပြီး ထောက်ခံမှု ပြသင့်ကြောင်း HRW လက်ထောက်ညွှန်ကြားရေးမှူး Ms. Elaine Pearson က ပြောပါတယ်။

အင်ဒိုနီးရှား အစိုးရဟာ အာရှတိုက် အပြင်အပက လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေနဲ့ ပတ်သက်လို့ ဖော်ထုတ် အရေးယူဖို့ ကြွေးကြော် တောင်းဆိုနေသလိုပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အလားတူ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ဒုက္ခသည် အကူအညီပေးရေး သင်္ဘောတွေကို အစ္စရေးတပ်တွေက စီးနင်း တိုက်ခိုက်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Dr. Natalegawa က တောင်းဆိုခဲ့တဲ့ ကိစ္စကို ရည်ညွှန်း ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရားမျှတမှု ပေါ်ထွန်းဖို့အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကိစ္စကို အရေးတကြီး လုပ်ဆောင်သင့်တာ ကြာနေပြီဖြစ်ကြောင်းလည်း HRW လက်ထောက်ညွှန်ကြားရေးမှူးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရတပ်တွေက အရပ်သား ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်မှု၊ နှိပ်စက် ညှဉ်းပမ်းမှု၊ ကလေးစစ်သား အသုံးပြုမှုနဲ့ အဓမ္မနေရာရွှေ့ပြောင်းမှု စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာလည်း အကျဉ်းရုံး သတ်ဖြတ်မှု၊ ကလေးစစ်သားအသုံးပြုမှု၊ မြေမြုပ် မိုင်း အသုံးပြုမှု စတာတွေကို ကျူးလွန်နေကြောင်း HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။