နယ်လှည့် ရုပ်ရှင်ပွဲတော် တောင်ကြီးမြို့မှာ ကျင်းပ
2013.10.27
လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နယ်လှည့်ခရီးသွားရုပ်ရှင်ပွဲတော်ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့အပြင် ဦးကိုကိုကြီး(စမ်းချောင်း)တို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။
ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့က လူအခွင့်အရေး၊ လူ့ဂုဏ်သိက္ခာအတွက် လူသားတို့ လှုပ်ရှားရုန်းကန်ခဲ့ရမှုတွေအကြောင်း၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် ရုပ်ရှင်အနုပညာကတဆင့် အသိပညာပေးမှုဟာ ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံသားတွေအနေနဲ့ မိမိရဲ့အခွင့်အရေးရပိုင်ခွင့်တွေအတွက် သတ္တိရှိရှိတောင်းဆိုတတ်ဖို့လိုသလို၊ ရရှိပြီးအခွင့်အရေး၊ ဂုဏ်သိက္ခာတွေကိုလည်း ကာကွယ်သွားကြဖို့လိုကြောင်း ဟောပြောခဲ့ကြပါတယ်။ ကိုဂျင်မီက မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို များများသိရှိနိုင်ဖို့အတွက် ဒီလိုပွဲတော်မျိုးတွေ ကျင်းပဖို့လိုအပ်တယ်လို့ ပြောပါတယ်။
အခုနှစ် ဇွန်လကကျင်းပခဲ့တဲ့ "လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ" Human Rights and Dignity လို့ အမည်ပေးထားတဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကဆုရရှိတဲ့ ဇာတ်ကားတွေကို တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့ကြီးတွေမှာ ခရီးသွားရုပ်ရှင်ပွဲတော်အဖြစ် ပြသနေတာဖြစ်ပြီး မကွေးနဲ့ မန္တလေးမြို့တွေမှာ ပြသခဲ့ပြီးဖြစ်ပါတယ်။