ဧရာဝတီတိုင်းမှာ လူ့အခွင့်အရေး ညီလာခံ HRDP ကျင်းပမည်

ဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ လူ့အခွင့်အရေး တိုးတက်မှု အခြေအနေကို စမ်းသပ်တဲ့ အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေး ညီလာခံကြီး တစ်ရပ်ကို လာမယ့်လအတွင်း ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ ပထမဆုံးအကြိမ် ကျယ်ကျယ် ပြန့်ပြန့် ကျင်းပဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

2011.11.25
hrdp-305 HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့၏ လက်ကမ်း ကြေညာ စာတမ်း ဖြစ်ပါသည်။
hrdp

ဒီညီလာခံကို HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက်က ဦးဆောင်ပြီး နိုင်ငံတကာ ဒီဇင်ဘာလ ၁၀ ရက် လူ့အခွင့်အရေးနေ့မှာ ကျင်းပမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဒေသအသီးသီးက အနည်းဆုံး လူ ၅၀၀ လောက် တက်ရောက် လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း HRDP အဖွဲ့အကြီးအကဲ ဦးမောင်မောင်လေးက အာရ်အက်ဖ်အေကို ပြောပါတယ်။

ညီလာခံကို တက်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ရန်ကုန်အခြေစိုက် သတင်းမီဒီယာတွေကို အခုရက်ပိုင်းအတွင်း စတင်ဖိတ်ကြားမယ်လို့ ဦးမောင်မောင်လေးက ပြောပါတယ်။

HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက်ကို ၂၀၀၁ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး စစ်အစိုးရ လက်ထက်က လူ့အခွင့်အရေး လှုပ်ရှားမှုတွေကြောင့် ခေါင်းဆောင်တစ်ဦးဖြစ်သူ ရှေ့နေ ဦးမြင့်အေး အပါအဝင် HRDP အဖွဲ့ဝင် ၈ ဦးနဲ့ ကွန်ရက်မှာ ပါဝင်လှုပ်ရှားသူ ၁၆ ဦး၊ စုစုပေါင်း ၂၄ ဦး ထောင်ချခံထားရဆဲ ဖြစ်ပါတယ်။

လက်ရှိ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက်ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို အာဏာပိုင်တွေက နှောင့်ယှက် ဟန့်တားတာ မရှိသေးဘူးလို့လည်း ဦးမောင်မောင်လေးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။