ကလေးစစ်သား အမှု အိုင်အယ်လ်အို တိုင်ကြား
2011.10.26

Photo: RFA
ပြည်မြို့ ကိုးသောင်းဘုရားအနီး ရဘဲ ရပ်ကွက်နေ ဦးခင်ဝင်း ၊ ဒေါ်နန်းအေး တို့ရဲ့ သား မောင်နေမင်းမောင်မောင်ဟာ အခုနှစ် ဇူလိုင်လအတွင်း ကလေးစစ်သား စုဆောင်းခံရပြီး မွန်ပြည်နယ် သထုံမြို့ လေ့ကျင့်ရေးတပ်မှာ ရောက်ရှိနေကြောင်း မိဘတွေက စုံစမ်းသိရတဲ့ အတွက် အခုလို တိုင်ကြားလိုက်တာ ဖြစ်တယ်လို့ HRDP အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်လေးက ပြောပါတယ်။
“အခုမှ ကလေးက ၁၄ နှစ် သာသာပဲ ရှိသေးတယ်။ အဲဒီကလေးက ရဘဲ ရပ်ကွက် ကိုးသောင်းဘုရားကြီး အနီးအနားကနေ ပါသွားတယ်။ ဒီနေ့ သူ့အမေက ကလေးတာဝန်ကျတဲ့ သထုံမြို့ကို လိုက်သွားတယ်။ ဒီကိစ္စကို ဒီနေ့ပဲ ကျနော်တို့က အိုင်အယ်လ်အိုကို ဒီကိစ္စကို ပို့ပေးတယ်။”
မနေ့ကလည်း ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က ကလေးစစ်သား စုဆောင်းခံရတဲ့ မောင်ဝေဖြိုးမောင်ရဲ့ အမှုကို မိဘတွေက အိုင်အယ်လ်အိုရုံးမှာ သွားရောက် တိုင်ကြားခဲ့တယ်လို့ ဦးမောင်မောင်လေးက ပြောပါတယ်။
“မောင်ဝေဖြိုးမောင် ကတော့ ၁၉၉၄ မှာမွေးတယ်။ ဖခင်က ဦးခင်ဇော်၊ မိခင်က ဒေါ်စန်းစန်းနုလို့ ခေါ်ပါတယ်။ ကလေးက ၁၀ တန်းတက်နေတုန်း ပျောက်သွားတာပါ။ အဲဒီ ကလေးကတော့ အခု လက်ရှိ တပ်မ ၃၃ ရွှေဘို ကျောက်မြောင်း တပ်မှာ ရောက်နေပါတယ်။ ဒီကလေး အတွက်လည်း မနေ့ကပဲ သူ့မိဘများနဲ့ အိုင်အယ်လ်အိုကို အကူအညီ သွားရောက် တောင်းခံထား ပါတယ်။”
မြန်မာနိုင်ငံ အနှံ့အပြားမှာ ကလေးစစ်သား အဓမ္မ စုဆောင်းမှုတွေ ဆက်လက် ရှိနေဆဲဖြစ်ပြီး အခု အောက်တိုဘာလ အတွင်း HRDP အဖွဲ့ရဲ့ အကူအညီနဲ့ အိုင်အယ်လ်အိုရုံးမှာ တိုင်ကြားတဲ့အမှု ၁၀ မှုရှိကြောင်း၊ အခု ၂၀၁၁ ခု နှစ်ဆန်းပိုင်းက စလို့ အောက်တိုဘာ တတိယပတ်အထိ HRDP အကူအညီနဲ့ အိုင်အယ်လ်အိုမှာ တိုင်တန်းခဲ့တဲ့ အမှု (၄၀) လောက် ရှိတဲ့အထဲက ကလေး (၄) ယောက်ကိုတော့ သက်ဆိုင်ရာ စစ်တပ်ကနေ မိဘရပ်ထံ ပြန်လည် ပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။