အပစ်ရပ်စဲရေးစာချုပ် ရရှိနိုင်ဖို့ ပူးတွဲလုပ်ငန်းကော်မတီ ဖွဲ့မည်
2014.03.09

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ အတွက် ပူးတွဲလုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းသွား ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT တို့ ဒီနေ့ သဘောတူညီလိုက်ကြပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စည်းဝေး ပွဲပြုလုပ်ရာမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ" ဘားအံဆွေးနွေးပွဲ " မတိုင်မီ နှစ်ဖက်ဘုံ သဘောတူညီချက်တွေကို စုစည်းထားတဲ့ မူကြမ်းတစ်ခုရရှိရေးဖို့အတွက် ပြင်ဆင်မှုလုပ်နေပုံကို ချင်းအမျိုးသား လွတ်မြောက်ရေးတပ်ဦးက ဆလိုင်းလျန်မုန်းဆာခေါင်းက ပြောပါတယ်။
"ဒီနေ့ ဦးအောင်မင်း တင်ပြတာကတော့ ဦးအောင်မင်းဘက်က ၃ ဦး၊ တပ်မတော်ဘက်က ၃ ဦး ပြီးတော့ လွှတ်တော်ဘက်က ၃ ဦး ပူးတွဲလုပ်ငန်းကော်မတီကို ဖွဲ့မယ်ပေါ့၊ ကျနော်တို့ဘက်ကလည်း ၉ ဦး၊ ဒီနေ့ဖြစ်နေတဲ့ အနေအထားကတော့ ကော်မတီဖွဲ့ဖို့ ကျနော်တို့ သဘောတူတယ်၊ မနက်ဖြန် ကျနော်တို့ဆက်ပြီးတော့ ဆွေးနွေးမှာက အဲဒီကော်မတီကနေပြီးတော့ မပါမဖြစ်ပါအောင် ရေးသားရမယ့် အခြေခံအချက်အလက်တွေ၊ အခန်းခေါင်းစဉ်တွေကို ကျနော်တို့ မနက်ဖြန် ဆွေးနွေးပြီးတော့ သဘောတူမှာဖြစ်ပါတယ်"
မနက်ဖြန်ဆွေးနွေးပွဲမှာ နှစ်ဖက်ဘုံသဘောတူညီချက်မှာပါဝင်ရမယ့် တပ်ပိုင်းဆိုင်ရာ နေရာချထားရေး၊ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ နှစ်ဖက်လက်နက်ကိုင်တပ်တွေကို ဘယ်လိုနေရာချထားရေးစတဲ့ ကိစ္စရပ်တွေ ပါဝင်ရေးကို ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရက ချပြထားတဲ့ အပစ်ရပ်မှုတွေရှိသလို တိုင်းရင်းသားတွေဘက်ကလည်း လိုင်ဇာမူ၊ လောခီးလာမူ စသဖြင့် မူကွဲတွေရှိနေတဲ့အတွက် " ဘားအံဆွေးနွေးပွဲ " မတိုင်မီ အဲဒီအချက်တွေအားလုံးကို စုပေါင်းကာ ဘုံသဘောတူညီချက်ရရှိရေး ကြိုးပမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးတင်အောင်ခိုင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။