ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ ဟောင်ကောင်ဒေသခံတွေကို ကူညီဖို့ မိသားစုတွေ တောင်းဆို

RFA Burmese
2025.01.13
ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ ဟောင်ကောင်ဒေသခံတွေကို ကူညီဖို့ မိသားစုတွေ တောင်းဆို ၂ဝ၂၄ ခုနှစ် ဧပြီလအတွင်း တွေ့မြင်ရသည့် ထိုင်းနယ်စပ်အနီးမှ တရုတ်နိုင်ငံသားပိုင် လောင်းကစားရုံတစ်ခု မြင်ကွင်း။
Photo: RFA

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ ဟောင်ကောင်ဒေသခံတွေ ပြန်လွတ်ရေး ကူညီပေးဖို့ မိသားစုဝင်တွေက အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ဆိုပြီး ထွက်ခွာသွားကြတဲ့ ဟောင်ကောင်ဒေသခံ တစ်ဒါဇင်ကျော် မြန်မာနိုင်ငံထဲကို လူကုန်ကူးခံခဲ့ရပြီး ငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မခိုင်းစေခံနေရကြောင်း Hong Kong Free Press သတင်းမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ဖော်ပြပါတယ်။

ငွေလိမ်ဂိုဏ်းတွေက သူတို့ခေါ်ဆောင်လာသူတွေရဲ့ စာရွက်စာတမ်းတွေကို သိမ်းယူထားပြီး အဓမ္မအလုပ်ခိုင်းတဲ့အပြင် မိသားစုဝင်တွေကို ဖုန်းဆက်ပြီး လူပြန်ရွေးဖို့ ငွေထပ်ညှစ်သေးတယ်လို့လည်း သတင်းမှာ ပါရှိပါတယ်။ မိသားစုဝင်တချို့ကတော့ ဟောင်ကောင်မှာရှိတဲ့ ထိုင်းကောင်စစ်ဝန်ရုံးကို ဒီကိစ္စတွေအတွက် ကူညီပေးဖို့ အသနားခံစာတင်ထားတယ်လို့ ဆိုပါတယ်။

၂ဝ၂၂ ခုနှစ်ကစပြီး ဟောင်ကောင်ဒေသခံတွေ မြန်မာနိုင်ငံထဲကို လူကုန်ကူးခံနေရတာဖြစ်ပြီး အခုလပိုင်းတွေမှာ ပိုများလာတာလို့လည်း ဆိုပါတယ်။ Global Organized Crime Index ရဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပဋိပက္ခတွေကြားက မြန်မာနိုင်ငံဟာ နိုင်ငံဖြတ်ကျော်မှုခင်းတွေအတွက် ကမ္ဘာ့ထိပ်တန်းနေရာတစ်ခု ဖြစ်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

၂ဝ၂၄ နှောင်းပိုင်းမှာ ဟောင်ကောင်အာဏာပိုင်တွေဆီကို လူကုန်ကူးခံရတဲ့ အမှု ၂၈ မှု တိုင်ကြားတာရှိခဲ့ပြီး အဲဒီအထဲက ၁၆ ဦးကို ပြန်ခေါ်လာနိုင်ခဲ့တယ်လို့ ဟောင်ကောင်လုံခြုံရေးဗျူရိုက ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ရေးသားပါတယ်။

ကျန်နေသေးသူတွေကို ကယ်တင်ဖို့အတွက် လုံခြုံရေးဗျူရိုက ထိုင်းနိုင်ငံကို အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်ထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။