မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ
2023.10.22

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီ လေတပ်စခန်း အောက်တိုဘာ ၂၂ ရက် မနေ့ ညက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့ည ၉ နာရီဝန်းကျင်မှာ မှော်ဘီ လေတပ်စခန်းထဲက ကျယ်လောင်တဲ့ပေါက်ကွဲသံ သုံးကြိမ်အထိ ကြားရတယ်လို့ဆိုပါတယ်။
တတိယအကြိမ် ပေါက်ကွဲမှုဟာ ပိုပြင်းထန်းပြီး နေအိမ်ပါ တုန်ခါသွားတယ်လို့ မှော်ဘီ လေတပ်စခန်းအနီးက ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“၀ုန်းဒိုင်းကြဲနေတာပဲ။ ဆက်တိုက်ပဲ။ တစ်လုံးပြီးတစ်လုံး နောက်ဆုံးတစ်လုံးက တော်တော်အသံကျယ်တာ။ အိမ်တွေပါ တုန်သွားတယ်”
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လေတပ်အနီးတစ်ဝိုက်နဲ့ မှော်ဘီတိုးဂိတ်တွေမှာ ယာဉ်အသွားအလာတွေကို စစ်ကောင်စီတပ်တွေက စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှော်ဘီ လေတပ်စခန်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။
ရန်ကုန်အခြေစိုက် URBAN SPECIAL OPERATION (U.S.O) က စစ်ကောင်စီဟာ တိုင်းရင်းသားဒေသတွေ အပါအဝင် နိုင်ငံတစ်ဝန်းက ပြည်သူတွေကို လေကြောင်းတိုက်ခိုက်ပြီး သတ်ဖြတ်နေတာကြောင့် ဒီပစ်ခတ်မှုကို သူတို့လုပ်ဆောင်ခဲ့တာလို့ အောက်တိုဘာ ၂၃ ရက် ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။