လှည်းကူး ပဋိပက္ခ လူ ၉ ဦးကို ဖမ်းဆီးစစ်ဆေး
2014.04.05

လှည်းကူးမြို့၊ မြို့မဈေးမှာ မနေ့က ညနေပိုင်းက ခိုက်ရန်ဖြစ်ပွားမှုက စတင်တဲ့ မငြိမ်မသက်မှုအပြီး လူ ၉ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ လှည်းကူးမြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက RFA ကို ပြောပါတယ်။
သာမန်ခိုက်ရန်ဖြစ်ပွားမှုက စတင်ခဲ့ပေမယ့် အဓိကရုဏ်းပုံစံဖြစ်အောင် လှုံ့ဆော်သူတွေရှိတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
"လှုံ့ဆော်နေတဲ့ လူ ၂ဝ ကျော် အုပ်စုတစ်စု က တောက်လျှောက်ပေါ့နော်၊ ဒါဘာသာရေး အစော်ကားခံရတယ်ဆိုတဲ့ဘက်ကို ဦးတည်ပြီးတော့ လှုပ်ရှားမှုပုံသဏ္ဍန်မျိုးကို ရှေ့ရှုဆောင်ရွက်ပါတယ်၊ ဒါပေမဲ့ ရဲတပ်ဖွဲ့ အင်အားများလာတဲ့အတွက် အခြေအနေဟာ ထိန်းလို့ရသွားတဲ့ အနေအထား ရှိပါတယ်"
မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ ၉ ဦးထဲမှာ အခင်းစတင်ဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံရသူ ၃ ဦး၊ နေအိမ်ဖျက်ဆီးမှုနဲ့ ဖမ်းဆီးခံရသူ ၂ ဦးနဲ့ ဆူပူမှုနဲ့ ဖမ်းဆီးခံရသူ ၄ ဦး ပါဝင်ကြောင်း သိရပါတယ်။ လှည်းကူးမြို့မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားပြီး၊ လုံခြုံရေးရဲတွေလည်း ရာနဲ့ချီချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။