သမိုင်းဝင်အဆောက်အအုံ ပုဂ္ဂလိကထံ လွှဲပြောင်းပေးသည့်ကိစ္စ ရုပ်သိမ်းဖို့ တောင်းဆို

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုသမိုင်းဝင် ကိုလိုနီခေတ်လက်ရာ ရန်ကုန်မြို့က တရားလွှတ်တော် အဆောက်အအုံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ လွှဲပေးလိုက်တဲ့ကိစ္စကို အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ပြန်လည်ရုပ်သိမ်းပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်က ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး တိုက်တွန်းလိုက်ပါတယ်။

2012.09.09
historical-building-lawyers-090912-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်က သမိုင်းဝင် ကိုလိုနီခေတ်လက်ရာ ရန်ကုန်မြို့က တရားလွှတ်တော် အဆောက်အအုံများ ပုဂ္ဂလိက လုပ်ငန်းရှင်ထံ လွှဲပေးသည့်ကိစ္စကို ပြန်လည် ရုပ်သိမ်းပေးရန် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပနေစဉ်။
RFA

တကယ်လို့ ရုပ်သိမ်းပေးဖို့ ပျက်ကွက်မယ်ဆိုရင် ဆန္ဒပြ လှုပ်ရှားမှှုတွေ ဆောင်ရွက်သွားမယ်လို့ ရှေ့နေများ ကွန်ရက်အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက RFA ကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ ဆန္ဒပြဖို့ အစီအစဉ်ရှိပါတယ်။ ဆန္ဒပြလို့မှ မရရင်လည်းပဲ တရားဥပဒေကြောင်းအရ လုပ်လို့ရတာတွေ လုပ်မယ်ပေါ့လေ။ အခုဒါကတော့ အမျိုးသား အမွေအနှစ် စာရင်းထဲမှာ ပါနေတော့ ဒါကိုလည်း ကျွန်တော်တို့က ကာကွယ်ဖို့ ဥပဒေတွေလည်း ရှိပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့က သမ္မတကြီးနဲ့ လွှတ်တော် ဥက္ကဋ္ဌကြီးတွေကို မေတ္တာရပ်ခံတဲ့ အနေနဲ့ပဲ အကူအညီတောင်းတဲ့ အနေနဲ့ပဲ လုပ်နေပါတယ်။ မရရင်တော့ ကျွန်တော်တို့ တဆင့်ပြီး တဆင့် ဆက်လုပ်သွားဖို့ ရှိပါတယ်"

အစိုးရ တာဝန်ရှိသူတွေဟာ အခုနှစ်ဆန်းပိုင်းအတွင်း ရန်ကုန်မြို့က ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ တရားရုံးတွေကို ဟိုတယ်၊ ပြတိုက်တွေအဖြစ် ပုဂ္ဂလိက အသုံးပြုပိုင်ခွင့် အပ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်အဖွဲ့ဟာ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနဲ့ မဟာဗန္ဓုလပန်းခြံလမ်း ကြားမှာရှိတဲ့ တရားလွှတ်တော် အဆောက်အအုံ အစိတ်အပိုင်းတချို့ကို ပုဂ္ဂလိကကို လွှဲပေးတဲ့ကိစ္စအပြင် ကမ်းနားလမ်းနဲ့ မဟာဗန္ဓုလပန်းခြံလမ်း ကြားမှာရှိတဲ့ ရှေးအခေါ် ပုလိပ်ကော်မရှင်နာမင်းကြီးရုံး (ခေါ်) စမောလ်ကုတ် တရားရုံးကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ဟိုတယ်လုပ်ငန်း ဆောင်ရွက်ဖို့ လွှဲပေးတဲ့ ကိစ္စတွေကိုပါ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကန့်ကွက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။