စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးမိုးဇော်ထွန်းကို ဇွန်လ ၂၀ ရက် ညပိုင်းက မုံရွာမြို့ မြို့သစ်ရပ်ကွက်က သူ့ရဲ့ နေအိမ်မှာပဲ စစ်ကောင်စီ တပ်သားတွေ လာဖမ်းသွားတယ်လို့ မုံရွာမြို့ခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
“အဲဒီနေ့က အချိန်မတော် ညတစ်နာရီလောက်မှာ လာဖမ်းသွားတယ်။ ဘာကြောင့် ဖမ်းတယ်။ ဘာအမှုတွေ တပ်မယ်ဆိုတာမျိုးတွေတော့ မသိရသေးဘူး”
သူ့ကို ဘယ်နေရာကို ဖမ်းခေါ်သွားတယ်ဆိုတာလည်း မသိရသေးသလို အခုထိလည်း အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
ဦးမိုးဇော်ထွန်းဟာ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံရသူတွေရဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ NLD ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်လည်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ အရေးယူခံထားရပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို ဆန့်ကျင်လို့ နိုင်ငံရေးမှုနဲ့ တရားစွဲခံထားရတဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေအပါအဝင် ရှေ့နေစုစုပေါင်း ၂၁ ဦး အဖမ်းခံထားရပါတယ်။