ဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ ပြည်နယ်အစိုးရ ထုတ်ပြန်


2017.10.28
hindus-refugees-sittwe-622 မောင်တောဒေသကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဟိန္ဒူကလေးငယ်တွေနဲ့ လူကြီးတွေကို စစ်တွေမြို့မှာ တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘူးသီးတောင် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးပြီး မြို့နယ် အသီးသီးက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေကို လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့ နောက်ဆုံး ထားပြီး နေရပ်ပြန်ကြဖို့နဲ့ စခန်းတွေကို ပိတ်သိမ်းဖို့ ရခိုင်ပြည်နယ် အစိုးရကမနေ့က ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်ကြောင့် ဒုက္ခသည်အများစု နေရပ်ပြန်နေကြပြီဖြစ်ပြီး သူတို့ကို စားဝတ်နေရေး၊ အလုပ်အကိုင်နဲ့ လုံခြုံရေးကိစ္စတွေကို စီစဉ်ပေးစေချင်တယ်လို့ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ် စစ်တွေဌာနခွဲရဲ့ ဒုတိယဥက္ကဌ ဦးမောင်လှက ပြောပါတယ်။

"အစိုးရပြန်ခိုင်းရင်တော့ ပြန်ရမှာပေါ့။ ကျနော်တို့တော့  ဘာမှပြောလို့မရဘူး။ ဒါပေမဲ့ ကျနော်က နည်းနည်းပြောချင်တာက ဟိုမှာသူတို့ကို  နေရာတွေဘာတွေ အတည်တကျနေပြီးတော့ တစ်နေရာ တည်းမှာ ချပေးပြီးတော့ သူတို့  စားဝတ်နေရေးနဲ့ အလုပ်အကိုင်တွေ၊ လုံခြုံရေးတွေချပေးရင်တော့ ကျနော်တို့  တော်လောက်ပါပြီ"

အစိုးရက နေရပ်ပြန်ဖို့ မထုတ်ပြန်ခင်ကတည်းက နေရပ်ပြန်နေကြသူတွေရှိနေပြီး သူတို့အနေနဲ့ စားနပ်ရိက္ခာ နဲ့ နေထိုင်စရာနေရာ အခက်အခဲတွေရှိနေတယ်လို့ ဦးမောင်လှက ပြောပါတယ်။

နယ်မြေတည်ငြိမ်အေးချမ်းမှုတွေ ရှိနေပြီဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းမှာ ဖြစ်ကြောင်းနဲ့ ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းတဲ့နေ့ကစပြီး အစိုးရအနေနဲ့ ဒုက္ခသည်တွေကို ရိက္ခာ၊ ငွေသား ထောက်ပံ့တဲ့ အစီအစဉ်တွေ ရပ်ဆိုင်းမှာဖြစ်တယ်လို့ အစိုးရ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက် ပြီး ပြည်နယ်အစိုးရအဖွဲ့ထံ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း နေရပ်စွန့်ခွာပြီး ထွက်ပြေးသူတွေ အများအပြားရှိနေတာ ဖြစ် ပါတယ်။

စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့တွေကို ထွက်ပြေးခိုလှုံနေတဲ့ ရခိုင်၊ မြို၊  ခမီ၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ ဟိန္ဒူဘာသာဝင်တွေ သောင်းနဲ့ချီပြီး ရှိနေသလို တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေသူ ဦးရေ ၅ သိန်းကျော် ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။