မြန်မာ့မီဒီယာကို ကူညီဖို့ ပြောဆိုကြ
2014.02.26

မြန်မာနိုင်ငံက မီဒီယာလုပ်ငန်းတွေမှာ တိုးတက် မူတွေ မြင်နေရတယ်ဆိုပေမဲ့ ဆက်လက်ရှင်သန်ဖို့ အကူအညီတွေ လိုနေသေးတယ်လို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဝါရှင်တန်ဒီစီမြို့မှာကျင်းပတဲ့ စာတန်းဖတ်ပွဲ မှာ အမေရိကန် သုတေသီတွေက ပြောသွားပါတယ်။
မြန်မာနိုင်ငံသစ်က သတင်းဆိုင်ရာ စီးပွားရေးလုပ်ငန်း နဲ့ မြန်မာ့သတင်းနယ်ပယ်အကြောင်း လေ့လာခြင်းဆို တဲ့ စာတန်းဖတ်ပွဲမှာ အခုလိုပြောဆိုသွားတာပါ။ Internews အဖွဲ့ကဦးစီးတဲ့ လေ့လာရေးအဖွဲ့ဟာ ၂နှစ်ကြာလေ့လာခဲ့ပြီး တွေ့ရှိချက်တွေကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ လူ့အခွင့်အရေး အဆောက်အဦးမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ တင်ပြသွားတာပါ။
ဆွေးနွေးပွဲမှာ Michelle J Fosterက မြန်မာနိုင်ငံမှာ ဆင်ဆာအဖွဲ့ ဖျက်သိမ်းလိုက်ပေမဲ့ အစိုးရဟာ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ဆောင်ကျဉ်းလိုစိတ် မရှိတာမြင်ရတယ်လို့ ခုလိုပြောပါတယ်။
အစိုးရ အဓိကစိတ်ဝင်စားနေတာဟာ စာနယ်ဇင်း လွတ်လပ်ခွင့်မဟုတ်ပါ ခိုင်မာတောင့်တင်းတဲ့ စီးပွားရေးရရှိဖို့သာဖြစ်ပါတယ်။ ဒီပုံစံဟာ တရုတ်ပြည်က ကျင့်သုံးနေတဲ့ ပုံစံဖြစ်ပါတယ်လို့ ပြောဆိုသွားပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာပြည်က လွတ်လပ်တဲ့ မီဒီယာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲများ၊ စိန်ခေါ်မူများအပြင် မြန်မာပြည်မှာ မီဒီယာလုပ်ငန်း တိုးတက်လာဖို့ အပြည်ပြည်ဆိုင်ရာရဲ့ အကူအညီတွေ လိုနေသေးကြောင်း အကူအညီတွေသာမရရင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဆက်လက်ရှင်သန်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်လို့ ဆွေးနွေးသွားပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ဦးတင်အောင်ခိုင် တင်ပြထားတာကို နားဆင်နိုင်ပါတယ်။