ရခိုင်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ခက်ခဲနေကြောင်း MSF ပြော
2024.07.17
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးတာတွေကို ပြီးခဲ့တဲ့ ဇွန်လကစလို့ ရက်ကန့်အသတ်မရှိ ရပ်ဆိုင်းထားရတယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က ဇူလိုင်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဘူးသီးတောင်မြို့နယ်က MSF ရုံး မီးလောင်ခဲ့ပြီး ပဋိပက္ခဖြစ်ပွားမှုတွေ အရှိန်မြင့်တက်လာတဲ့နောက်ပိုင်းမှာ အခုလိုရပ်ဆိုင်းခဲ့ရတာလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အလယ်ပိုင်းက မြို့နယ်တချို့မှာတော့ MSF အနေနဲ့ အနည်းဆုံးအဆင့် ဆောင်ရွက်မှုတွေကို လုပ်ကိုင်နိုင်နေပေမဲ့ လွတ်လပ်စွာသွားလာခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်မှုတွေနဲ့ ပဋိပက္ခဖြစ်ပွားမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ပြန်လည်စတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက MSF အနေနဲ့ လူနာတွေဆီ ရောက်ရှိနိုင်ဖို့အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ ဖော်ပြပါတယ်။
ပေါက်တောမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေ အပါအဝင် ရခိုင်ပြည်နယ်အတွင်းမှာ MSF အနေနဲ့ ရှစ်လကြာ ရွှေ့ပြောင်းဆေးခန်းတွေကို ဆောင်ရွက်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။
ပဋိပက္ခဖြစ်ပွားမှု မြင့်တက်နေတဲ့ ပေါက်တောမြို့နယ်ကို ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးဖို့ မသွားလာနိုင်တော့သလို အဲဒီမှာရှိတဲ့ အရေးပေါ်ကျန်းမာရေး ပြုစုစောင့်ရှောက်မှု လိုအပ်နေတဲ့ လူနာတွေဟာလည်း စစ်တွေက ဆေးရုံကို မလာရောက်နိုင်တော့ဘူးလို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက စစ်တွေမြို့က ရိုဟင်ဂျာတွေ အများစုနေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်မှာ တစ်လတာ ရွှေ့ပြောင်းဆေးခန်း ဆောင်ရွက်ခွင့်ရခဲ့ပေမဲ့ အခက်အခဲတွေနဲ့ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။
ပေါက်တောနဲ့ တခြား မြို့နယ်တွေမှာလည်း MSF ရဲ့ ဆေးခန်းတွေကို အခုအချိန်ထိ ပြန်လည်မဖွင့်လှစ်နိုင်သေးဘူးလို့ ဖော်ပြပါတယ်။
လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ချက်တွေကြောင့် MSF အနေနဲ့ လူနာတွေကို အရေးပေါ်လွှဲပြောင်းတာတွေ မလုပ်ကိုင်နိုင်တော့သလို ဖုန်းလိုင်းတွေ မကြာခဏပြတ်တောက်နေတာကြောင့် ဆက်သွယ်ရေးအတွက်လည်း စိန်ခေါ်မှုတွေရှိနေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။