ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဒဂုံမြို့သစ်မှာ ဖွဲ့စည်း
2011.04.04

အဖွဲ့ကို NLD အဖွဲ့ဝင်တွေအပါအဝင် လူ ၃၅ ဦးနဲ့ စတင်ဖွဲ့စည်းလိုက်တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အဖွဲ့ကို ဦးဆောင်သူ ဦးသိန်းကြည်က RFA ကို အခုလို ပြောပါတယ်။
“ကျွန်တော်တို့ ၃ လ ၂၀၁၁ တနင်္ဂနွေနေ့မှာ ကျွန်တော့ အိမ်မှာ ကျွန်တော်တို့ အခြေတည်လိုက်တာပေါ့နော်။ ၃ ရက်နေ့ကတော့ ဒါကို ပိုပြီးတော့ ခိုင်မာ တောင့်တင်းအောင် ဆိုပြီး ထပ်ဖွဲ့ပါတယ်။ လောလောဆယ် အလှူငွေကတော့ မနေ့က တဦးကို ငါးထောင်၊ တသောင်း ထည့်ဝင်သွားတာ၊ လောလောဆယ် ကျွန်တော်တို့ ငါးသောင်းကျော် ရပါပြီ။ နောက် ၂၆ ရက်နေ့က ကျွန်တော့အိမ်မှာ လုပ်တုန်းကဆိုရင် ၃ သောင်းနဲ့ ၂ ထောင် ရတယ်။ နှစ်ရက်ပေါင်း ကောက်ခံရရှိငွေက ငွေ ၈၆,၀၀၀ ရပါပြီ။ အဲဒီ ၈၆,၀၀၀ နဲ့ မ တည်ပြီးတော့ တကယ် ဆင်းရဲတဲ့လူတွေ ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ၊ တကယ်ကို နွမ်းပါးပြီးတော့ ဆေးရုံ ဆေးခန်းတောင် မသွားနိုင်တဲ့ လူတွေကို ကျွန်တော်တို့က အိမ်တိုင်ယာရောက် သွားပြီးတော့ ဆေးကုပေးမှာပါ။”
အဖွဲ့အနေနဲ့ ဦးစားပေး အမျိုးအစား ၃ မျိုးခွဲပြီး ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပထမဆုံး ဦးစားပေးအနေနဲ့ ကူညီစောင့်ရှောက်သူ မရှိတဲ့ သက်ကြီးရွယ်အိုတွေကို ကူညီပေးမှာ ဖြစ်ပြီး၊ ဒုတိယ ဦးစားပေးကတော့ မွေးကင်းစနဲ့ ကလေးသူငယ်တွေ ဖြစ်ပါတယ်။ တတိယ ဦးစားပေးကတော့ ဆေးဝါးကုသဖို့ မတတ်နိုင်တဲ့ အရွယ်ရောက်ပြီးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖွဲ့ဝင်တွေက တဦးကို တလ ကျပ်တထောင်နှုန်း ထည့်ဝင်ဖို့ ညှိနှိုင်းထားကြတယ်လို့ သိရပါ တယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီဝင်တွေအနေနဲ့ လူမှုကွန်ရက်တွေ တိုးချဲ့ပြီး ကူညီ စောင့်ရှောက်ရေး လုပ်ငန်းတွေ ပိုမို ဆောင်ရွက်ကြဖို့ မူဝါဒချမှတ် ဆောင်ရွက်ခဲ့တဲ့ နောက်ပိုင်း အခုလို လူမှုကူညီရေးအဖွဲ့တွေ တိုးပွားလာနေတာ တွေ့ရပါတယ်။