ရိုဟင်ဂျာတွေ ပြန်ခေါ်အောင် မြန်မာကို ဖိအားပေးဖို့ ရှိတ်ဟာဆီနာ တောင်းဆို
2018.03.29

ထွက်ပြေးလာတဲ့သူတွေပြန်ခေါ်အောင် မြန်မာအစိုးရကို ဆက်ပြီးဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက နိုင်ငံတကာကို ထပ်မံတောင်းဆိုလိုက်ပါတယ်။
WHO ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ပူနန်ခက်ထရာပါဆင်းနဲ့ တွေ့ဆုံချိန်မှာ သူကပြောလိုက်တာပါ။ ဘင်္ဂလားဒေ့ရှ် ဟာ သူ့ဆီရောက်လာတဲ့ ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုရှုထောင့်ကနေကြည့်ပြီး နေရာထိုင်ခင်းတွေပေးထား ခဲ့တယ်၊ အခုလည်း အဲဒီလူတွေကို မှတ်ပုံတင်စာရင်းကောက်ထားပြီးပြီလို့ ဆိုပါတယ်။
ဒီလိုမှတ်ပုံတင်ထားတဲ့အတွက် မြန်မာအစိုးရအနေနဲ့ အလွယ်တကူပြန်ခေါ်နိုင်နေပြီလို့လဲ ဟာဆီနာက ပြောပါတယ်။
ဒါ့အပြင် WHO အနေနဲ့လည်း အဲဒီရိုဟင်ဂျာတွေအတွက် ကာကွယ်ဆေးထိုးဖို့နဲ့ ဆေးကုသရေးကိုကူညီဖို့ သူက တောင်းဆိုပါတယ်။ မကြာခင်မှာ မိုးကျတော့မှာဖြစ်လို့ ဘူတန်နိုင်ငံလူဦးရေထက်တောင်များတဲ့ ဒီလူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်နိုင်ဖို့ဆိုတာ အလွန်ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်တယ်လို့ သူက ဆိုပါတယ်။
ရိုဟင်ဂျာအရေးအတွက် မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့နဲ့လည်း ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။