ဟံသာဝတီလေဆိပ် မူလ သတ်မှတ်ချိန် မပြီးနိုင်
2014.03.20

ပဲခူးတိုင်း ဟံသာဝတီ နိုင်ငံတကာလေဆိပ် တည်ဆောက်ရေးစီမံကိန်းဟာ လုပ်ကိုင်ခွင့်တင်ဒါအောင်မြင်ခဲ့တဲ့ တောင်ကိုရီးယား ကုမ္ပဏီနဲ့ ညှိနှှိုင်းမှု မအောင်မြင်တာကြောင့် မူလသတ်မှတ်ထားတဲ့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှာ အပြီးသတ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဟံသာဝတီ နိုင်ငံတကာလေဆိပ် စီမံကိန်း လုပ်ကိုင်ခွင့် လေလံတင်ဒါကို တောင်ကိုရီးယား အင်ချီယွန်ကုမ္ပဏီက ပြီးခဲ့တဲ့နှစ် သြဂုတ်လ က အောင်မြင်ခဲ့ပါတယ်။ တောင်ကိုရီးယား အင်ချီယွန်နဲ့အတူ စင်္ကာပူ ချန်ဂီ လေဆိပ် ၊ ပြင်သစ် ဗင်စီလေဆိပ် နဲ့ ဂျပန် တာအီဆာအီလေဆိပ်တွေရဲ့ စီမံရေး ကုမ္ပဏီတွေက အရံတွေအဖြစ် လုပ်ကိုင်ခွင့်ရခဲ့ကြပါတယ်။ ဒါပေမဲ့အဓိက လေလံအောင်ခဲ့တဲ့ အင်ချီယွန်ကုမ္ပဏီနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ညှိနှှိုင်းမှု မအောင်မြင်ခဲ့တဲ့အတွက်၊ မြန်မာအစိုးရက အဲ့ဒီကုမ္ပဏီလေးခုကို ဘဏ္ဍာရေးဆိုင်ရာအဆိုပြုလွှာတွေ ထပ်တင်ခိုင်းထားတယ်လို့ သိရပါတယ်။
ဘဏ္ဍာရေးအတွက်သာ ထပ်တင်ရမှာဖြစ်ပြီး၊ ဒီဇိုင်း၊ တည်ဆောက်ရေး၊ ထိန်းသိမ်းရေး စတဲ့ မူလတင်ထားပြီး အဆိုပြုလွှာတွေကိုတော့ ထပ်တင်စရာမလိုဘူးလို့ အရပ်ဘက်လေကြောင်းဆိုင်ရာ ဒု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောဆိုကြောင်း Chammel News Asia က ဆိုပါတယ်။ ဒါ့ပြင် စီမံကိန်းစတင်မယ့်အချိန်နဲ့ ပြီးစီးရမယ့်အချိန်ကို လေလံအောင်စာရင်းထွက်ပြီးမကြာခင် ကြေညာမယ်လို့လည်းပြောပါတယ်။
တောင်ကိုရီးယား အင်ချီယွန်ကုမ္ပဏီနဲ့ အဆင်မပြေတဲ့အတွက် အခုအခါဟံသာဝတီလေဆိပ် စီမံကိန်း လုပ်ကိုင်ခွင့်ကို မည်သူမဆိုတင်ဒါလျှောက်ထားနိုင်ပြီး၊ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထား တင်ရမယ်လို့ သိရပါတယ်။
ဒီအတွင်း စင်္ကာပူနိုင်ငံကိုရောက်ရှိနေကြတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်းတို့က ရန်ကုန်မြို့ရဲ့ ပြင်ပမှာလည်း စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း၊ ပဲခူးတိုင်းအတွင်းကဟံသာဝတီ နိုင်ငံတကာလေဆိပ် စီမံကိန်းမှာဆိုရင် လေယာဉ်နဲ့လေဆိပ်ထိန်းသိမ်းရေး၊ ပြုပြင်ရေး၊ ပျံသန်းရေး၊ လေယာဉ်ကွင်းကဏ္ဍ စတဲ့လေကြောင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအပြင်၊ အစားအသောက်နဲ့ ကုန်ပစ္စည်းတင်ဆောင်ရေးစတဲ့ လုပ်ငန်းသစ်တွေပေါ်ပေါက်လာမှာဖြစ်ကြောင်း စင်္ကာပူ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။