ဗန်းမော်မြို့ပေါ်အထိ KIA ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်
2024.12.11

ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ်က နေရာအများစုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေကြောင့်လည်း မြို့ပေါ်က နေအိမ်တချို့ မီးလောင်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၁၂ ရက် ဒီနေ့ ပြောပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ကိုးရက်မြောက် ရှိလာချိန် မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေကို KIA က ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ဆက်လက် တိုက်ခိုက်နေတာလို့ စစ်ရေးအခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြို့ပေါ်က ရုံးတွေကိုတွေကိုတော့ KIA က ထိန်းထားပြီး တပ်တွေကို ပိတ်ဆို့တိုက်ခိုက်နေတဲ့ အခြေအနေဖြစ်တယ်။ စစ်ကောင်စီတပ်တွေကတော့ စကစခ (၂၁) နဲ့ ခလရ (၄၇) မှာ စုနေကြပြီလို့ ပြောတယ်။ မြို့ပေါ်မှာနေအိမ်တွေ မီးလောင်တာတွေလည်းရှိတယ်”
မြို့ပေါ်က လူမနေတဲ့ နေအိမ်တွေမှာ ဖောက်ထွင်းခိုးယူခံရတာတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲအတွင်း လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုတွေကြောင့် အရပ်သား ငါးဆယ်ဝန်းကျင် သေဆုံးနိုင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေလို့ အလောင်းမကောက်နိုင်သေးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရပ်သား သေဆုံးထိခိုက်မှု အရေအတွက်နဲ့ ပတ်သက်လို့ RFA က သီခြားအတည်မပြုနိုင်သေးပါဘူး။
ဗန်းမော်မြို့ကနေ စစ်ဘေးတိမ်းရှောင်သူတစ်ဦးကတော့ ဒေသခံအများစု မြို့ကိုစွန့်ခွာထွက်ပြေးသွားကြပေမဲ့ တချို့ကလည်း မြို့ပေါ်မှာ ကျန်နေသေးတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန်မှာပဲ တရုတ်အာဏာပိုင်တွေက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို ဖိတ်ခေါ်ပြီး တရုတ်နိုင်ငံအတွင်း တွေ့ဆုံဆွေးနွေးတာတွေ လုပ်နေပါတယ်။