နတ်မောက်မြို့နယ် ပညာရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

RFA Burmese
2023.03.05
နတ်မောက်မြို့နယ် ပညာရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ပညာရေးမှူးရုံးကို တွေ့ရစဉ်။
နတ်မောက်မြို့နယ် ထက်/လယ်/မူ ပညာရေး - ဖေ့စ်ဘွတ်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်ကို မတ်လ ၄ ရက် နေ့လယ် ၁ နာရီကျော်မှာ အမည်မသိ လက်နက်ကိုင်လူတစ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ကြောင့် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၄၀ အရွယ် ဦးသန်းထိုက်ဟာ နတ်မောက်မြို့လယ်ခေါင်က စားသောက်ဆိုင် တစ်ဆိုင်ကနေ နေ့လယ်စာစားပြီးအပြန် အမှတ် (၂) အခြေခံပညာကျောင်းအနီးမှာ ပစ်ခတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီး နာရီပိုင်းအကြာမှာ စစ်တပ်နဲ့ ရဲပါတဲ့ လုံခြုံရေးကားနှစ်စီးနဲ့ လူနာတင်ကား ရောက်လာပြီး အလောင်းသယ်ယူသွားတယ်လို့ နတ်မောက်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

"ပစ်ခံရတာက ငါးချက်ဗျ၊ ဝမ်းဗိုက်မှာ နှစ်ချက်၊ မျက်နှာမှာ တစ်ချက်၊ လက်ဖျံမှာ တစ်ချက်၊ ကျောဘက်မှာ တစ်ချက်ထိတယ်ဗျ။ ပစ်တဲ့သူကလည်း ဆိုင်ကယ်နဲ့လာတာ၊ နှစ်ယောက်ပေါ့။ ဆိုင်ကယ်ချင်း ယှဉ်ပစ်သွားတာလို့ မျက်မြင်ကြုံတဲ့သူတွေက ပြောကြတယ်။ ဒဏ်ရာကများတော့ သွေးထွက်လွန်ပြီး နေရာမှာတင် ဆုံးတယ်"

မနေ့က ညပိုင်းအထိ အင်အား ၄၀ နီးပါးရှိတဲ့ စစ်သားတွေက မြို့တွင်းလမ်းတချို့ကို ပိတ်ဆို့ စစ်ဆေးတာ၊ ဆိုင်ကယ်မောင်းနှင်တဲ့ ပြည်သူတွေကို တားဆီးစစ်ဆေးတာတွေ ရှိခဲ့တယ်လို့ သူကဆိုပါတယ်။

မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်ဟာ CDM မဝင်ဘဲ ပညာရေးမှူးရာထူးကို စစ်ကောင်စီ လက်အောက်မှာပဲ ဆက်လက်လုပ်ကိုင်နေတဲ့ လုပ်သက်ရင့် ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကာကွယ်ရေးတပ်တွေဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန် တာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ မ​ကွေးတိုင်းတိုင်းပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အခုလို ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အာဏာသိမ်းမှုနှစ်နှစ်အတွင်း စစ်ကောင်စီဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ၅,၄၄၃ ဦး သေဆုံးခဲ့ပြီး ၄,၅၇၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်က ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။