မြေဂရန် ပြဿနာဖြေရှင်းပေးဖို့ ရခိုင်ဝန်ကြီးချုပ်ထံ စာရေးတောင်းဆို
2014.11.09
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာအုပ်စုက ကျေးရွာပိုင် စားကျက်မြေနဲ့ ရေနံလက်ယက် တွင်းတူးတဲ့ မြေနေရာ ဧက ၆ဝ ကျော်ကို စီးပွားရေးလုပ်ငန်းရှင်တွေက တရားဝင်မြေဂရန်တွေ အမည်ပေါက် လျှောက်ထားကြတဲ့အတွက် ဖြေရှင်းဆောင်ရွက်ပေးဖို့ ရွာခံ ၃ဝဝ နီးပါးက လက်မှတ်ရေးထိုးပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းထံ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေက ရွာခံတွေကို အသိမပေးဘဲ အုန်းခြံ၊ သရက်ခြံအမည်တွေနဲ့ ဂရန်လျှောက်ထားတာဖြစ် တယ်လို့ လိပ်ခမော်ရွာခံ ဦးမောင်အေးက ပြောပါတယ်။
"ဒီမြေကို ပိုင်ဆိုင်သင့်တာကတော့ ကျနော်တို့ ရွှေ့ပြောင်းချက်စီမံကိန်း စပြီးတော့တစ်လလောက်အချိန် မှာ ဒီမြေတွေကို ပိုင်ဆိုင်ကြောင်း သိလိုက်ရပါတယ်၊ အဲ့ဒီတော့ မြေယာပိုင်ဆိုင်သင့်တဲ့ အချိန်မှာလည်း သူတို့က မြေလွတ်မြေရိုင်းပုံစံမျိုးနဲ့ ဂရန်လျှောက်ပြီးတော့မှ ဒါက သရက်စိုက်ခင်းရယ်၊ အုန်းစိုက်ခင်း ရယ်ဆိုပြီးတော့မှ အဲ့ဒီမြေကို ဂရန်လျှောက်ထားတာကို ကျနော်တို့သိရတယ်"
အဲ့ဒီမြေယာတွေဟာ လိပ်ခမော်ကျေးရွာအုပ်စု ပြင်ရှည်၊ ရွာသစ်၊ ဂေါ်ဒူစတဲ့ ကျေးရွာ ၄ ရွာက မြေယာတွေဖြစ် ပြီး ကျောက်ဖြူမြို့က ဗာရာဏသီ ဟိုတယ်ပိုင်ရှင်၊ ဇေယျာအောင် ကုမ္ပဏီနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတို့က ပြီးခဲ့တဲ့ ၂ဝဝ၅ ခုနှစ်လောက်ကစပြီး အမည်ပေါက် လျှောက်ထားကြတာဖြစ်တယ်လို့ ရွာခံတွေက ဆိုပါတယ်။
အမည်ပေါက်ပိုင်ဆိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့က အဲ့ဒီမြေယာတွေမှာ ကျွန်းပင်တွေ စိုက်ပျိုးနေ ကြတယ်လို့ သိရပါတယ်။