သန်းခေါင်စာရင်းကောက်ရေး အစိုးရနဲ့ ဝ ဆွေးနွေး


2013.10.05

အစိုးရနဲ့ ဝအရာရှိတွေအကြား သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဆွေးနွေးနေကြောင်း သိရပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်နဲ့ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဒုဗိုလ်ချူပ်ကြီး သိန်းဌေးတို့ ခေါင်းဆောင်တဲ့အဖွဲ့ဟာ အောက်တိုဘာ ၄ ရက်နေ့ မနေ့က  ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ပန်ဆန်းဌာနချူပ်ကို ရောက်ရှိလာပြီး UWSA ဒုဥက္ကဌ အပါအဝင် ဝ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့လည်က ပန်ဆန်းကို ရဟတ်ယာဉ်နဲ့ ရောက်ရှိလာခဲ့ကြတယ်လို့ UWSA ဝ တပ်ဖွဲ့ရဲ့ ဝိန်းကောင်းခရိုင် အတွင်းရေးမှူး ဦးစောလွင် က ပြောဆိုပါတယ်။

"အေး ဟုတ်တယ်၊ ဒီနေ့ပဲ သူတို့က တွေ့ကြတယ်လေ၊ ပန်ဆန်းမှာပဲ၊ အဓိကတော့ ဒီမှတ်ပုံတင်လုပ်ဖို့ ညှိကြတာတော့ အဓိကတော့ လူစာရင်းအရင်ကောက်မယ် ကောက်ပြီးရင်တော့ မှတ်ပုံတင် ပြန်ချပေးမယ်လို့တော့ အဲ့လိုတော့ ပြောတယ်၊ ကျန်တာက ဘယ်တော့စတော့ သူတို့ဘာမှ မပြောသေးဘူး၊ ကျနော်ရောက်တာ နည်းနည်းနောက်ကျသွားတယ်၊ အစည်းအဝေးက ကျနော် မပါနိုင်ဘူး၊ ကျနော်တခြားလည်း သိမရသေးဘူး"

UWSA ဝတပ်ဖွဲ့နဲ့ နီးစပ်သူတွေ ပြောဆိုချက်အရ မနေ့က ဆွေးနွေးပွဲမှာ သန်းခေါင်စာရင်းကောက်ယူဖို့ကိစ္စအပြင် ဝ ဒေသအတွင်းက ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပြည်မက အလုပ်လက်မဲ့ဖြစ်နေသူတွေကို လာရောက်လုပ်ကိုင်ခွင့်ပေးရေးကိစ္စလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချူပ်မှာ ဆွေးနွေးခဲ့ကြစဉ်က အခုလိုနှစ်ဖက် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

UWSA ဝ တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် မေလက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကနေခွဲထွက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလမှာ သမတ ဦးသိန်းစိန် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးခဲ့ပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ပန်ဆန်းကနေ ဒီကနေ့မနက် ကျိုင်းတုံကိုပြန်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။