ပုဒ်မ ၁၈ ကြောင့် အခွင့်အရေး ချိုးဖောက်ခံနေရ လို့ AAPP ပြော
2013.10.04
မြန်မာနိုင်ငံမှာ ပြဌာန်းကျင့်သုံးနေတဲ့ ငြိမ်းချမ်းစွာဆန္ဒပြခြင်းနဲ့စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဟာ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ချိုးဖေါက်ရာရောက်နေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီနေ့ကြေညာစာတမ်းထုတ်ပြီး ပြောဆိုလိုက်ပါတယ်။
ပုဒ်မ ၁၈ စတင်ပြဌာန်းလိုက်တဲ့ မနှစ်က ဇူလိုင်လကနေ တနေ့အချိန်အထိ ထောင်ချခံထားရသူ အယောက် ၃ဝ လောက်ရှိပြီး၊ တရားရင်ဆိုင်နေရသူက အယောက် ၁ဝဝ ကျော်ရှိတယ်လို့ AAPP ကဆိုပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုတွေ အောင်မြင်အောင် ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ အစိုးရကိုတိုက်တွန်းတယ်လို့AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က RFA ကို ပြောပါတယ်။
“အဓိက ကျနော်တို့ ဒီပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး ထုတ်ရတာကလည်း ကျနော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့အခါမှာ ပြည်သူလူထုကို အကျိုးမပြုနိုင်တဲ့ ဒီလိုပုဒ်မ ၁၈ မျိုးတွေပေါ့နော်၊ ပြည်သူလုထုလည်း သိစေချင်တယ်၊ နိုင်ငံတကာလည်း သိစေချင်တယ်၊ ထိုနည်းတူစွာ အစိုးရအာဏာပိုင်တွေကို သိစေချင်ပါတယ်”
ပုဒ်မ ၁၈ ဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့မကိုက်ညီတဲ့အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်တွေကိုလည်း အတိအလင်းချိုးဖေါက်နေတဲ့ ဥပဒေတစ်ခုဖြစ်တယ်လို့AAPP က ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။